04/05/2026
ယုံကြည်သူလူငယ်များ ပြည်သူနိတိ ရှိဖို့လိုမလား?
#ယုံကြည်ခြင်းကလူများစွာကိုပြောင်းလည်းစေတယ်။
#ပြည်သူနိတိကအဲ့ဒီပြောင်းလည်းမူကိုလူများမြင်စေအောင်ဖော်ပြပေးတယ်။
ဒီနေ့ခေတ်မှာ လူငယ်တော်တော်များများက “ယုံကြည်ခြင်းရှိရင်ပဲ လုံလောက်ပြီ” လို့ ထင်တတ်ကြပါတယ်။
အသင်းတော်တက်တယ်၊ ကျမ်းစာဖတ်တယ်၊ ဆုတောင်းတယ်ဆိုရင် ယုံကြည်သူဘဝကို အောင်မြင်စွာလျှောက်လှမ်းနေပြီလို့ ယူဆတတ်ကြတယ်။
ဒါပေမယ့် မေးခွန်းတစ်ခုရှိပါတယ်။
ယုံကြည်ခြင်းကောင်းရုံနဲ့ လုံလောက်ပါသလား?
ဒါမှမဟုတ် “ပြည်သူနိတိ” လို့ခေါ်တဲ့ လူမှုကျင့်ဝတ်၊ အကျင့်စာရိတ္တ၊ တာဝန်ယူမှုစိတ်လည်း လိုအပ်သလား?
အဖြေကတော့ — အလွန်လိုအပ်ပါတယ်။
ပြည်သူနိတိဆိုတာဘာလဲ?
ပြည်သူနိတိဆိုတာ
လူ့အသိုင်းအဝိုင်းထဲမှာ နေထိုင်ရာ၌
ဘယ်လိုပြောရမလဲ
ဘယ်လိုပြုမူရမလဲ
ဘယ်လိုလေးစားရမလဲ
ဘယ်လိုတာဝန်ယူရမလဲ ဆိုတဲ့ အခြေခံကျင့်ဝတ်တွေပါ။
ဥပမာ
အကြီးအကဲကိုလေးစားခြင်း
ကတိတည်ခြင်း
အမှန်တရားကိုပြောခြင်း
အများပြည်သူကို မထိခိုက်စေခြင်း
ကိုယ့်တာဝန်ကို တာဝန်ယူခြင်း
ဒီအရာတွေက ယုံကြည်သူတစ်ယောက်အတွက် “အပို” မဟုတ်ဘူး။
ယုံကြည်ခြင်းရဲ့ အသီးအပွင့်တွေပါ။
ဘုရားသခင်က ကျင့်ဝတ်ရှိတဲ့အသက်တာကို နှစ်သက်တယ်
ကျမ်းစာက ပြောတယ် —
“သူတစ်ပါးရှေ့၌ သင်တို့အလင်းကိုလင်းစေကြလော့” (မဿဲ၅း၆)
ဒီကျမ်းပိုဒ်က ဘာကိုပြောတာလဲ?
အသင်းတော်ထဲမှာပဲ သန့်ရှင်းနေရမယ်လို့ မဟုတ်ဘူး။
လူ့အသိုင်းအဝိုင်းထဲမှာပါ ယုံကြည်သူတစ်ယောက်ရဲ့ အကျင့်စာရိတ္တက ထင်ရှားရမယ် လို့ ဆိုတာပါ။
လူတွေက ကျွန်တော်တို့ရဲ့ စကားထက်
အကျင့်ကို ပိုကြည့်ကြတယ်။
“သူက ခရစ်ယာန်ဆိုပြီး ဘာလို့ ဒီလိုပြုမူတာလဲ?”
ဆိုတဲ့ မေးခွန်းမျိုး မဖြစ်စေဖို့
ယုံကြည်သူလူငယ်တွေမှာ ပြည်သူနိတိရှိဖို့ အရေးကြီးပါတယ်။
ယုံကြည်ခြင်းနဲ့ ပြည်သူနိတိ ခွဲမရဘူး
တချို့က
“ကျွန်တော် ဘုရားကိုချစ်တယ်။ ဒါပေမယ့် လူတွေနဲ့ဆက်ဆံရေးကတော့ အဆင်မပြေဘူး” လို့ ပြောတတ်တယ်။
ဒါပေမယ့်
ဘုရားကိုချစ်တယ်ဆိုရင်
ဘုရားဖန်ဆင်းထားတဲ့ လူတွေကိုလည်း လေးစားရမယ်။
Online မှာ comment ရေးတဲ့အခါ
သူငယ်ချင်းတွေနဲ့ စကားပြောတဲ့အခါ
ကျောင်း၊ အလုပ်၊ လမ်းပေါ်မှာ ပြုမူတဲ့အခါ
အဲ့ဒီနေရာတိုင်းမှာ ပြည်သူနိတိက ယုံကြည်ခြင်းကို ထင်ဟပ်စေပါတယ်။
လူငယ်တွေ သတိထားရမယ့်အချက်
ယနေ့ social media ခေတ်မှာ
ရိုင်းစိုင်းစကားပြောတာ
တစ်ယောက်ကိုတစ်ယောက် troll လုပ်တာ
မလေးစားတဲ့ comment တွေရေးတာကို
“ပုံမှန်” လို့ သတ်မှတ်နေကြတယ်။
ဒါပေမယ့် ယုံကြည်သူလူငယ်ကတော့
Trend နောက်လိုက်သူ မဟုတ်ဘဲ
Christ ရဲ့ character ကို ထင်ဟပ်သူ ဖြစ်ရမယ်။
နိဂုံး
ယုံကြည်သူလူငယ်များအတွက်
ပြည်သူနိတိရှိဖို့ “လိုမလို” မဟုတ်တော့ဘူး။
မဖြစ်မနေလိုအပ်ပါတယ်။
ယုံကြည်ခြင်းက နှလုံးသားကို ပြောင်းလဲတယ်။
ပြည်သူနိတိက အဲ့ဒီပြောင်းလဲမှုကို လူတွေမြင်နိုင်အောင် ဖော်ပြတယ်။
လူတွေက သင့်စကားကြောင့် ဘုရားကိုမမြင်နိုင်ပေမယ့်
သင့်အကျင့်ကြောင့် ဘုရားကို မြင်နိုင်တယ်။
ဒါကြောင့်
ယုံကြည်သူလူငယ်တစ်ယောက်အနေနဲ့
ဆုတောင်းတတ်ရုံမက
ပြည်သူနိတိရှိတဲ့ အသက်တာနဲ့လည်း သက်သေခံကြရအောင်။