CMM ဓမ္မကောလိပ်

CMM ဓမ္မကောလိပ် ဗျာဒိတ်ဖွင့်ပြမှုများ ရစေနိုင်မည့် လေ့လာမှုပုံစံ

30/05/2026

ဝိညာဉ်တော်ကို အကြိမ်ကြိမ်ခံယူခြင်း
(Dr. David Joy ၏ အိုးမိုင်ဂေါ့ဒ် စာအုပ်မှ ကောက်နှုတ်ဖော်ပြသည်။)

သန့်ရှင်းသော ဝိညာဉ်တော်ကို ယုံကြည်သူတစ်ဦးသည် တစ်ကြိမ် ခံယူပြီးသည်နှင့် လုံလောက်သည်ဟူသော ပြောဆိုချက်သည် သမ္မာကျမ်းစာ နှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ တမန်တော် ရှင်ယောဟန်၏ အသက်တာကို အနည်းငယ်လေ့လာကြပါစို့။

“ထို​သူ​အ​ပေါင်း​တို့​သည်​လည်း သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့်​ပြည့်၍၊ ဝိ​ညာဉ်​တော်​သည် ဟော​ပြော​သော​အ​ခွင့်​ကို ပေး​တော်​မူ​သည်​အ​တိုင်း အ​မျိုး​မျိုး​သော​ဘာ​သာ​စ​ကား​အား​ဖြင့် ဟော​ပြော​ကြ၏။” (တ ၂:၄)

အထက်ပါကျမ်းချက်တွင် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝသော အတွေ့အကြုံကို မှတ်တမ်းတင်ထားသည်။ ထိုသူများတွင် တမန်တော် ရှင်ယောဟန် ပါကြောင်း (တ ၁:၁၃-၁၄) နှင့် (တ ၂:၁) အရသိရသည်။ ရှင်ယောဟန်သည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝကာ သူမသင်ယူ ဖူးသော အမျိုးမျိုးသောဘာသာစကားနှင့် ဟောပြောလေတော့သည်။ ဤအရာသည် သူဝိညာဉ်တော်တို့ထိခြင်း ခံယူသော ပထမဆုံးအတွေ့အကြုံ မဟုတ်ပါ။ ယခင်က ခံယူဖူးကြောင်း အောက်ပါကျမ်းချက်တွင်တွေ့ရသည်။

“ထို​သူ​တို့​အ​ပေါ်၌ မှုတ်​လျက်၊ သင်​တို့​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကိုခံ​ကြ​လော့။” (ယော ၂၀:၂၂)

ထိုအချိန်တွင် သောမမှလွဲ၍ ကျန်သော တမန်တော်များရှိကြောင်း (ယော၂၀:၂၄) တွင် မှတ်တမ်းတင်ထားသည်။ ထိုကြောင့် ယောဟန်သည် (ယော ၂၀:၂၂) တွင် သန့်ရှင်းသောဝိညာဉ်တော်ကိုခံယူခဲ့သည်။ (ယော ၂၀:၂၂) ရှိ သန့်ရှင်းသောဝိညာဉ်တော် သွန်းလောင်းခြင်းအတွေ့အကြုံ၏ ရည်ရွယ်ချက် သည် ငြိမ်သက်ခြင်းနှင့် စေလွှတ်ခြင်းအကြောင်း ဖြစ်သည်။ (တ ၂:၄) ရှိ သန့်ရှင်းသောဝိညာဉ်တော် သွန်းလောင်းခြင်းအတွေ့အကြုံ၏ ရည်ရွယ်ချက် သည် လူ ၃၀၀၀ အားပြောင်းလဲစေရန် ဟောပြောဖို့ တန်ခိုးပေးခြင်းဖြစ်သည်။

“ထိုသို့ ဆုတောင်းပတ္ထနာပြုပြီးမှ စုဝေးပေးသော အရပ်သည် တုန်လှုပ်၍ ထိုသူအပေါင်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်နှင့်ပြည့်သဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို ရဲရင့်စွာဟောပြောကြ၏။” (တ ၄:၃၁)

အထက်ပါကျမ်းချက်အရ ရှင်ယောဟန်သည် နောက်တစ်ခေါက် ဝိညာဉ်တော်နှင့်ပြည့်ဝပြန်သည်။ ရှင်ယောဟန်ပါကြောင်း(တ ၄:၁၉၊၂၃-၃၀) တွင် မှတ်တမ်းတင်ထားသည်။ ယခုတစ်ခေါက် သန့်ရှင်းသောဝိညာဉ်တော် သွန်းလောင်းခြင်းအတွေ့အကြုံ၏ ရည်ရွယ်ချက်မှာ (တ ၄:၃၀)အရ အနာရောဂါငြိမ်းခြင်း၊ နိမိတ်လက္ခဏာ၊ အံ့ဖွယ်သော အမှုတို့ကိုဖြစ်စေခြင်း၊ ရဲရင့်စွာ ဟောပြောခြင်းတို့ ပြုနိုင်ရန်အတွက်ဖြစ်သည်။ (တ ၄း၃၃) တွင် သူသည် ကြီးသောတန်ခိုး (Great power)အပြင်၊ ကြီးသော ကျေးဇူးတော် (Great grace)နှင့် ပြည့်ဝလာကြောင်း ဖော်ပြထားသည်။ ယခင်ကတန်ခိုး ရရှိပြီးသားဖြစ်သည်။ ယခုကြီးသော တန်ခိုးရရှိလာသည်။ အသင်းတော်၌ ကြီးမားသော ပေးကမ်းလှူဒါန်းခြင်းများ နောက်ဆက်တွဲ ဖြစ်လာကြောင်း မှတ်တမ်းတင်ထားသည်။

ရှင်ယောဟန်သည် အနောက်တူရကီ (အာရှိပြည်) တွင်ရှိသော မြို့ (၇) မြို့ရှိ အသင်းတော်များကို ကြည့်ရှုရသော တမန်တော်ဖြစ်လာခဲ့သည်။ ထို့နောက် အဖမ်းခံရပြီး ပတ်မုကျွန်းသို့ အပို့ခံရသည်။

“သခင်ဘုရားနေ့၌ ဝိညာဉ်တော်ကိုခံရ၍၊ တံပိုးခရာအသံကဲ့သို့ ငါနောက်၌မြည်သော အသံကြီးကိုကြားရ၏။” (ဗျာ ၁း၁၀)

အထပ်ပါကျမ်းချက်သည် သူအသက်ကြီး၍ ပတ်မုကျွန်း၌ အကျဉ်းချ ခံရစဉ် အတွေ့အကြုံဖြစ်သည်။ ခရစ်ယာန်ဖြစ်သည့် သက်တမ်းကြာရုံမက တမန်တော်ခေါင်းဆောင် ဖြစ်သည်မှာ နှစ်ပေါင်းမနည်းတော့ပေ။ နောက်တစ်ခါ သူဝိညာဉ်တော်ကိုခံရကြောင်း မှတ်တမ်းတင်ထားသည်။ ယခုတစ်ခါ ဝိညာဥ်တော်ကိုခံရခြင်းအတွေ့အကြုံ၏ ရည်ရွယ်ချက်မှာ အနောက်တူရကီရှိ မြို့(၇)မြို့မှ အသင်းတော် (၇)ပါးထံ စာရေးဖို့ သခင်ယေရှု၏ ဗျာဒိတ်ဖွင့်ပြချက်ကို ခံယူနိုင်ရန်ဖြစ်သည်။

“ထို​အ​ခါ ဝိ​ညာဉ်​တော်​ကို ငါ​သည်​ချက်​ချင်း​ခံ​ရ၍၊ ကောင်း​ကင်​ဘုံ၌ ပလ္လင်​တစ်​ခု​တည်​လျက်​ရှိ၏။ ပ​လ္လင်​ပေါ်​မှာ ထိုင်​သော​သူ​လည်း​ရှိ၏။” (ဗျာ ၄:၂)

ဗျာဒိတ်ကျမ်း အခန်းကြီး (၄)တွင် ဝိညာဉ်တော်ကို သူနောက်တစ်ခါ ခံရကြောင်း မှတ်တမ်းတင်ထားပြန်သည်။ ယခုတစ်ခါ ဝိညာဥ်တော်ကို ခံရခြင်းအတွေ့အကြုံ၏ ရည်ရွယ်ချက်မှာ သူသည် အနာဂတ်ကာလ၏ ကောင်းကင်ဘုံသို့ ချီကြွခံရကာ နောက်ဆုံးသောကာလအကြောင်း မှတ်တမ်း တင်ရန်ဖြစ်ပေသည်။

ရှင်ယောဟန်ကဲ့သို့သော ပုဂ္ဂိုလ်ပင် သန့်ရှင်းသောဝိညာဉ်တော်ကို အကြိမ်ကြိမ်ခံရဖို့ လိုအပ်သည်မှန်လျှင် သင်နှင့်ကျွန်တော်သည်လည်း ဝိညာဉ်တော်ကို အကြိမ်ကြိမ်ခံယူကာ အမြဲတမ်းဝိညာဉ်တော်နှင့် ပြည့်ဝ နေဖို့လိုပေသည်။ ယခုစာဖတ်နေရင်း လက်မြှောက်ဆုတောင်းကာ သန့်ရှင်းသောဝိညာဉ်တော်ကို ဆာငတ်ကြောင်းပြောပါ။ ဘုရားသခင်၏ မေတ္တာနှင့်ပြည့်ဝလျက်၊ သမ္မာတရားကိုသွန်သင်ပြီး၊ ဝိညာဉ်​တော်နှင့်ပြည့်ဝ သော အသင်းတော်၌ ပါဝင်ပါ။ သင်၏အသက်တာအလုံးစုံ ပြောင်းလဲရုံမက သင့်အားဖြင့် ဤလောကတွင် ပြောင်းလဲမှုများကိုယ်တော် လုပ်ဆောင်ပေလိမ့် မည်။ သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်တော်အမြတ်နိုးဆုံး လက်ဆောင် ဖြစ်သည်။

“လွန်​ကျူး​စေ​တတ်​သော စ​ပျစ်​ရည်​နှင့် ယစ်​မူး​ခြင်း​ကို​ရှောင်၍ ဝိ​ညာဉ်​တော်​နှင့် ပြည့်​စုံ​လျက်​ရှိ​ကြ​လော့။” (ဧဖက် ၅:၁၈)

29/05/2026

ဝိညာဉ်ဆုကျေးဇူးဟူသည်မှာ
(Dr. David Joy ၏ အိုးမိုင်ဂေါ့ဒ် စာအုပ်မှ ကောက်နှုတ်ဖော်ပြသည်။)

သီချင်းဆိုနိုင်ရန်ကောင်းမွန်လှသော အသံရှိခြင်း၊ ဘုရားကျောင်းတွင် အောက်ခြေသိမ်းမှအစ အစေခံလုပ်ဆောင်ပေးခြင်း၊ လှူဒါန်းပေးကမ်းမှု ရက်ရောခြင်း အစရှိသောအရာများသည် ဆုကျေးဇူး(ခ)ပါရမီ များဖြစ်ပေ သည်။ သို့သော် ဝိညာဉ်ဆုကျေးဇူးမဟုတ်ပါ။ ထိုအရာများသည် ခန္ဓာနှင့် စိတ်ပိုင်းဆိုင်ရာတို့နှင့် သက်ဆိုင်သော အစွမ်းအစပါရမီများ ဖြစ်သည်။ ဝိညာဉ်ဆုကျေးဇူးဆိုသည်မှာ သန့်ရှင်းသောဝိညာဉ်တော်က ကျွန်တော်တို့ ယုံကြည်သူများ၌ ပြည့်ဝလာသောအခါ ပေးသောသဘာဝလွန်ဝိညာဉ် အစွမ်းအစပင်ဖြစ်သည်။

ဥပမာ ကျွန်တော်သည် ကားတစ်စီးကို မောင်းနှင် နေစဉ် ဘီးများသည် ရွှံ့ထဲကျွံဝင်သွားကာ ရုန်းထွက်ဖို့ခက်ခဲနေသည် ဆိုပါစို့။ လူ (၇)ဦးခန့်သည် ရောက်လာပြီး ကျွန်တော့်ကားကို ရွှံ့ထဲမှရုန်းထွက်နိုင်ရန် ဝိုင်းဝန်းကူတွန်းပေးသည်။ ကျွန်တော်သည် ထိုသူများကို “ကျေးဇူးတင်ပါတယ်” ဟုပြောမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော် မတတ်နိုင်သောအရာကို ထိုသူတို့ ကျေးဇူးပြုသောကြောင့် ဖြစ်သည်။ဝိညာဉ်ဆုကျေးဇူးကို English ဘာသာစကား၌ Spiritual Gifts ဟုခေါ်သည်။ Gift ဟူသောစကားလုံးကိုတွေ့လိုက်သောအခါ “လက်ဆောင်” တစ်မျိုးမျိုး လူတို့အတွေး၌ ပေါ်လာတတ်သည်။ ချစ်စရာကောင်းသော ဖန်စီ လက်ဆောင်များကို စိတ်ကူးပုံဖော်နိုင်သည်။ ဝိညာဉ်ဆုကျေးဇူးသည် ချစ်စရာကောင်းသော လှပသည့် လက်ဆောင်သက်သက် မဟုတ်ပါ။ ဤအရာသည် English ဘာသာပြန်များ၏ အားနည်းချက်ဖြစ်ပါသည်။

မူရင်းဂရိကျမ်းစာ၌ “ကျေးဇူးတော်”(သို့)“ကျေးဇူးပြုခြင်း” ကို “Charis” ဟုခေါ်ပါသည်။ ဝိညာဉ်ဆုကျေးဇူးကို “Charisma” ဟုခေါ်ပါသည်။ ကျေးဇူးပြုသည့်သဘောပါသည်။ ကားကိုကူတွန်းပေးသည့် ဥပမာအတိုင်း ဘဝတွင် ကျွန်တော်တို့လူ့အနေနှင့် မတတ်စွမ်းနိုင်သော အရာများကို သန့်ရှင်းသောဝိညာဉ်တော်က ကူမကာ တတ်စွမ်းနိုင်စေရန် ကျေးဇူးပြုခြင်း ဖြစ်သောကြောင့် ဆရာကြီး ယုဒသန်က “ကျေးဇူး” ဟူသည်စာလုံးပါအောင် “ဝိညာဉ်ဆုကျေးဇူး” ဟု ဘာသာပြန်ခဲ့ပေသည်။ မူရင်းဝေါဟာရ “Charisma” ကိုထင်ဟပ်စေသော ဘာသာပြန်မှုဖြစ်သည်။

ခရစ်ယာန်ဖြစ်လာသည်နှင့် ဝိညာဉ်ဆုကျေးဇူးအကြောင်း မဖြစ်မနေ သိရှိရမည်ဖြစ်ကြောင်း (၁ ကော ၁၂:၁) တွင်ဖော်ပြထားသည်။ ဝိညာဥ် ဆုကျေးဇူးပေးရသော ရည်ရွယ်ချက်မှာ ကောင်းကျိုးအတွက် ဖြစ်ကြောင်း (၁ ကော ၁၂း၇) တွင်ဖော်ပြထားသည်။ ခရစ်ယာန်တိုင်းသည် အင်္ဂါချင်း ဖြစ်သောကြောင့် တစ်လုံးတစ်ဝတည်း လုပ်ဆောင်ရမည်ဖြစ်ကြောင်း (၁ ကော ၁၂) တွင်ရေးသားဖော်ပြထားရာ၌ သာမန်အားဖြင့် သဟဇာတရှိရေး အကြောင်း ရှင်ပေါလုက ပြောနေခြင်းမဟုတ်ပါ။ “အင်္ဂါချင်း” ဟူသော သွန်သင်ချက်သည် မတူညီသော ဝိညာဉ်ဆုကျေးဇူး အသီးသီးဖြင့် အတူတကွ ပူးပေါင်းလုပ်ဆောင်ဖို့ရန် ပြောနေခြင်းဖြစ်သည်။ “အင်္ဂါချင်း”သည် ဝိညာဉ် ဆုကျေးဇူးအကြောင်းပင်ဖြစ်သည်။ (၁ကော ၁၂:၈-၁၀)တွင်ပါသော ဝိညာဉ် ဆုကျေးဇူးအကြောင်း ကျွန်တော်ဖော်ပြရေးသားပါမည်။

28/05/2026

သန့်ရှင်းသောဝိညာဉ်တော်၏ မိတ်သဟာယတော်
(Dr. David Joy ၏ အိုးမိုင်ဂေါ့ဒ် စာအုပ်မှ ကောက်နှုတ်ဖော်ပြသည်။)

သန့်ရှင်းသောဝိညာဉ်တော်နှင့် မိတ်သဟာယဖွဲ့ခြင်း (ဂရိဘာသာ စကား၌ Koinonia) ဟူသည်မှာ ရင်းနှီးစွာမိတ်ဆွေဖွဲ့ခြင်း၊ အတူရှိခြင်း (မျက်မှောက်တော်)ကို တန်ဖိုးထားခြင်း၊ ဘဝကိုအတူတကွ မျှဝေကာ ထပ်တူခံစားခြင်း၊ ရင်းနှီးကျွမ်းဝင်ခြင်း၊ အတူတကွလုပ်ဆောင်ခြင်း၊ ရဲဘော်ရဲဘက်အဖြစ်သစ္စာနှင့်ရပ်တည်ခြင်းတို့ပင်ဖြစ်သည်။

(၁) ဤဆက်ဆံရေးကို တိုးတက်စေရန်မှာ သန့်ရှင်းသောဝိညာဉ်တော်ကို ရိုသေလေးမြတ်ကာ ချစ်ခြင်းမေတ္တာဖြင့် အသိအမှတ်ပြုရပေမည်။ ကျွန်တော့် ဆရာဖြစ်သော ကနေဒါနိုင်ငံသား Ken Greter သည် “ဒီနေ့သန့်ရှင်းသော ဝိညာဉ်တော်အတွက် ဘုရားသခင်ကို ကျေးဇူးတင်ပြီးပြီလား” ဟု ဖုန်းဆက်တိုင်း သတိပေးလေ့ရှိပါသည်။ ဟုတ်ပါသည်။ ဘုရားသခင်ပေးသော အရာရာအတွက် ကျေးဇူးတော်ချီးမွမ်းကြရာတွင် သန့်ရှင်းသောဝိညာဉ်တော် ကို မေ့ပျောက်ထားလို့မရပါ။ ဤဆက်ဆံရေးကိုတိုးတက်စေရန် ကျေးဇူးတင် တတ်ကြပါစို့။

(၂) ကိုယ်တော်၏မျက်မှောက်တော်၌ ရှိနေဖို့ရန် သီးသန့်အချိန် ပေးပါ။ ကျွန်တော့်မိတ်ဆွေ ဆရာမဖြစ်သူ အမေရိကန်နိုင်ငံသူ Patsy Felton မှာ နေ့တိုင်းသန့်ရှင်းသော ဝိညာဉ်တော်နှင့် ချိန်းဆိုမှုပြုကြောင်းပြောပါသည်။ နေ့တိုင်း အချိန်သီးသန့်ဖယ်ပြီး ဝိညာဥ်တော်နှင့်တွေ့ဆုံခြင်း ကိုဆိုလိုခြင်း ဖြစ်သည်။ ရေချိုးပြင်ဆင်ပြီး နေ့တိုင်းအချိန်နောက်မကျစေရန် သတိပြုသည်။ တန်ဖိုးထားခြင်းကို ပြသခြင်းဖြစ်သည်။

(၃) ကျွန်တော်တို့အပြစ်များအတွက် နောင်တရကာ ဖော်ပြတောင်းပန်ဖို့ လိုပါသည်။ ကိုယ်တော်သည်အပြစ်ကို အောင်မြင်ရန် မစတော်မူမည်။

(၄) အသက်တာကိုဆက်ကပ်ကာ သန့်ရှင်းသော ဝိညာဉ်တော်၏ ဦးဆောင်မှုကို ခံယူပါ။ ကိုယ်တော်သည် ဘုရားသားသမီးများကို ပဲ့ပြင်လမ်းပြတော်မူသည်။

(၅) ကိုယ်တော်ဖော်ပြတော်မူသည့် အရာများကို မှတ်စုရေးပါ။ မှတ်တမ်းတင် ခြင်းသည် နာခံဖို့ အသင့်ပြင်ခြင်းဖြစ်သည်။

(၆) ကိုယ်တော်တန်ဖိုးထားသော အရာများကို တန်ဖိုးထားရပေမည်။ သန့်ရှင်းသောဝိညာဉ်တော် လုပ်ဆောင် နေသည့် အရာများကိုသတိပြုပါ။

(၇) ကျွန်တော်တို့ ဇာတိလိုအင်မဟုတ်ဘဲ ကိုယ်တော်၏ အလိုတော်ကိုဝန်ခံပါ။

အထက်ပါ ရိုးရှင်း သည့် အဆင့်(၇)ဆင့်သည် ကျွန်တော်တို့ကို သန့်ရှင်းသောဝိညာဉ်တော်နှင့် မိတ်ဆွေဖွဲ့ခြင်း၌ တိုးတက်စေဖို့ အထောက်အကူပြုပေမည်။

27/05/2026

သန့်ရှင်းသောဝိညာဉ်တော်သည် ထာဝရဘုရား
(Dr. David Joy ၏ အိုးမိုင်ဂေါ့ဒ် စာအုပ်မှ ကောက်နှုတ်ဖော်ပြသည်။)

“ထို​သို့​နှင့်​အ​ညီ၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် ငါ​တို့​အား သက်​သေ​ပေး​တော်​မူ​သည်​မှာ၊ နောင်​ကာ​လ​အ​ခါ သူ​တို့၌ ငါ​ပေး​သော ပ​ဋိ​ညာဉ်​တ​ရား​ဟူ​မူ​ကား၊ ငါ​ထာ​ဝ​ဘု​ရား​သည် ငါ့​ပ​ညတ်​တို့​ကို သူ​တို့​နှ​လုံး​ထဲ​မှာ ပေး​သွင်း​မည်။ သူ​တို့​စိတ်​ဝိ​ညာဉ်၏ အ​ပေါ်​မှာ ရေး​ထား​မည်​ဟု အ​ထက်​က​မိန့်​တော်​မူ​ပြီး​မှ၊” (ဟေဗြဲ ၁၀း၁၅-၁၆)

အထက်ပါကျမ်းချက်တွင် သန့်ရှင်းသော ဝိညာဉ်တော်က သက်သေပေးသော အခါ “ငါထာဝရဘုရား” (ယာဝေ) ဟုမိမိကိုယ်ကိုသုံးနှုန်း ထားသည်။

“ပေ​တ​ရု​က​လည်း၊ အာ​န​နိ သင်​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို လှည့်​စား၍၊ မြေ​ကို​ရောင်း​သော အ​ဖိုး၏​တစ်​ဖို့​ကို ထိမ်​ဝှက်​မည်​အ​ကြောင်း၊ စာ​တန်​သည် သင်၏​စိတ်​နှ​လုံး​ကို အ​ဘယ်​ကြောင့် ပြည့်​စေ​ရ​သ​နည်း။ ထို​မြေ​ရှိ​စဉ်​တွင် ကိုယ်​ပိုင်​သည် မ​ဟုတ်​လော။ ရောင်း၍​ရ​သော အ​ဖိုး​သည် ကိုယ်​ဥ​စ္စာ​ဖြစ်​သည် မ​ဟုတ်​လော။ အ​ဘယ်​ကြောင့် ဤ​သို့​ကြံ​စည်​သ​နည်း။ လူ​ကို​သာ မု​သား​ပြော​ပြီ​မ​ဟုတ်၊ ဘု​ရား​သ​ခင်​ကို​လည်း မု​သား​ပြော​ပြီ​ဟု ပေ​တ​ရု​ဆို၏။” (တ ၅း၃-၄)

သန့်ရှင်းသောဝိညာဉ်တော်ကို လှည့်စားခြင်းသည် ဘုရားသခင်ကို မုသားပြောခြင်းဖြစ်ကြောင်း တမန်တော်ရှင်ပေတရုက ပြောဆိုကာ “သန့်ရှင်းသောဝိညာဥ်တော်” နှင့် “ဘုရားသခင်” ဟူသော နာမတော်များကို ဖလှယ်သုံးနှုန်းထားသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် ဘုရားသခင် ဖြစ်တော်မူသည်။

26/05/2026

သန့်ရှင်းသောဝိညာဉ်တော်သည် ဖန်ဆင်းရှင်
(Dr. David Joy ၏ အိုးမိုင်ဂေါ့ဒ် စာအုပ်မှ ကောက်နှုတ်ဖော်ပြသည်။)

"အ​စ​အ​ဦး​၌ ဘု​ရား​သ​ခင်​သည် ကောင်း​ကင်နှင့် မြေ​ကြီး​ကို​ဖန်​ဆင်း​တော်​မူ​၏။ မြေ​ကြီး​သည် အ​ဆင်း​သ​ဏ္ဌာန်​မ​ရှိ၊ လွတ်​လပ်​လ​ဟာ​ဖြစ်​၏။ နက်​နဲ​ရာ​အ​ရပ်​ကို မှောင်​မိုက်​ဖုံး​လွှမ်း​၍ ဘု​ရား​သ​ခင်​၏ ဝိ​ညာဉ်​တော်​သည် ရေ​မျက်​နှာ​ပြင်​ပေါ်​မှာ​လှုပ်​ရှား​တော်​မူ​၏။" (ကမ္ဘာ ၁:၁-၂)

သန့်ရှင်းသောဝိညာဉ်တော်သည် ရေမျက်နှာပြင်ပေါ်တွင် လှုပ်ရှားကာ ဖန်ဆင်းတော်မူခြင်း၌ လုပ်ဆောင်တော်မူသော အရှင်ဖြစ်သည်။

“တစ်​ဖန်​ဝိ​ညာဉ်​တော်​ကို​လွှတ်၍၊ သူ​တို့​ကို​ဖန်​ဆင်း​တော်​မူ​သ​ဖြင့်၊ မြေ​ကြီး​မျက်​နှာ​ကို အ​သစ်​ပြု​ပြင်​တော်​မူ၏။”(ဆာ ၁၀၄း၃၀)

“ဘု​ရား​သ​ခင်၏​ ဝိ​ညာဉ်​တော်​သည် ငါ့​ကို ဖန်​ဆင်း​တော်​မူ​ပြီ။ အ​န​န္တ​တန်​ခိုး​ရှင်၏ အ​သက်​တော်​သည် ငါ့​ကို အ​သက်​ရှင်​စေ​တော်​မူ​ပြီ။” (ယောဘ ၃၃း၄)

25/05/2026

သန့်ရှင်းသောဝိညာဉ်တော်၏ သုံးပါးတစ်လုံးတစ်ဝဘုရားဇာတိ
(ယခု Shavuot / Pentecost သီတင်းပတ်တစ်ခုလုံး သန့်ရှင်းသောဝိညာဉ်တော်အကြောင်း ဖော်ပြပါမည်။ Dr. David Joy ၏ အိုးမိုင်ဂေါ့ဒ် စာအုပ်မှ ကောက်နှုတ်ဖော်ပြသည်။)

သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားသခင်ဖြစ်သည်
ဘုရားသခင်ဟူသည်မှာ ပုဂ္ဂိုလ်တစ်ပါးတည်းမှ သုံးမျိုးပြောင်းနေခြင်း မဟုတ်ပါ။ ခမည်းတော်မှ သားတော်အဖြစ်ပြောင်းပြီး လူ့ဇာတိခံလိုက်၊ ရှင်ပြန်ထမြောက်ပြီး၊ ကောင်းကင်သို့ ပြန်တက်ကြွကာ သန့်ရှင်းသော ဝိညာဉ်တော်အဖြစ် ပြန်ဆင်းလာလိုက် မဟုတ်ပါ။ (၁ယော ၅:၇) အရ ပုဂ္ဂိုလ်သုံးပါးရှိ၍ ထိုသုံးပါးလုံးသည် တစ်လုံးတစ်ဝတည်းအဖြစ် ပဋိညာဉ် ဆက်ဆံရေး ရှိနေကြခြင်းဖြစ်သည်။

"သို့​ဖြစ်​လျှင်၊ ကောင်း​ကင်​ဘုံ၌ ခ​မည်း​တော်​တစ်​ပါး၊ နှုတ်​က​ပတ်​တော်​တစ်​ပါး၊ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​တစ်​ပါး၊ သက်​သေ​ခံ​သုံး​ပါး​ရှိ၍ ထို​သုံး​ပါး​တို့​သည် တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​တော်​မူ၏။" (၁ယော ၅:၇)

ခရစ်တော်သည် ခမည်းတော်ထံ ဆုတောင်းသောအခါ နှစ်ကိုယ်ခွဲပြီး မိမိကိုယ်ကိုဆုတောင်းခြင်းမျိုး မဟုတ်ပါ။ တစ်ပါးကိုတစ်ပါးချစ်ကြသည်။ ရိုသေလေးမြတ်ဂုဏ်ပြုကြသည်။ ဤအရာ သည် စစ်မှန်သောခရစ်ယာန် အခြေခံယုံကြည်ချက်ပင်ဖြစ်သည်။

“ယေ​ရှု​သည် ဗ​တ္တိ​ဇံ​ကို​ ခံ​တော်​မူ​ပြီး​လျှင် ရေ​မှ​ပေါ်​ထ​စဉ်​တွင်၊ ကောင်း​ကင်​ဖွင့်​လှစ်​သ​ဖြင့်၊ ဘု​ရား​သ​ခင်၏ ဝိ​ညာဉ်​တော်​သည် ချိုး​ငှက်​ကဲ့​သို့ ဆင်း​သက်၍ ကိုယ်​တော်​အ​ပေါ်၌ နား​တော်​မူ​သည်​ကို မြင်​ရ၍၊ ဤ​သူ​ကား ငါ​နှစ်​သက်​မြတ်​နိုး​ရာ၊ ငါ၏​ချစ်​သား​ပေ​တည်း​ဟု ကောင်း​ကင်​က အ​သံ​တော်​ဖြစ်​လေ၏။” (မ ၃း၁၆-၁၇)

“ငါ့​ကို​ချစ်​လျှင် ငါ့​ပ​ညတ်​တို့​ကို စောင့်​ရှောက်​ကြ​လော့။ ငါ​သည် ခ​မည်း​တော်​ကို​တောင်း၍ ခ​မည်း​တော်​သည် သ​မ္မာ​တ​ရား​ကို​ပြ​သော ဝိ​ညာဉ်​တော်​တည်း​ဟူ​သော တစ်​ပါး​သော​ဥ​ပ​ဇ္ဈာယ်​ဆ​ရာ​ကို သင်​တို့​နှင့်​အ​တူ အ​စဉ်​မ​ပြတ်​တည်​နေ​စေ​ခြင်း​ငှာ သင်​တို့​အား​ပေး​တော်​မူ​မည်။”(ယော ၁၄း၁၅-၁၆)

အထက်ပါ ကျမ်းချက်များတွင် သုံးပါးတစ်လုံးတစ်ဝ ဘုရား၏ တစ်ပါးနှင့်တစ်ပါး ဆက်သွယ်ပုံကိုတွေ့ရပေမည်။

“ယေ​ရှု​ခ​ရစ်၌​ရှိ​သော ထို​စိတ်​သ​ဘော​ကို သင်​တို့၌​လည်း ရှိ​စေ​ကြ​လော့။ ထို​သ​ခင်​သည် ဘု​ရား​သ​ခင်၏ သ​ဏ္ဌာန်​တော်​နှင့် ပြည့်​စုံ​တော်​မူ​သည်​ဖြစ်၍၊ ဘု​ရား​သ​ခင်​နှင့် ပြိုင်​သော​အ​မှု​ကို လု​ယူ​ခြင်း​အ​မှု​ဟူ၍ မ​ထင်​မ​မှတ်​လျက်​ပင်၊ မိ​မိ​အ​သ​ရေ​ကို​စွန့်၍ အ​စေ​ခံ​ကျွန်၏​သ​ဏ္ဌာန်​ကို ယူ​ဆောင်​လျက်၊ လူ​ကဲ့​သို့​သော​အ​ဖြစ်၌ ဖွား​မြင်​ခြင်း​ကို ခံ​တော်​မူ၏။” (ဖိ ၂း၅-၇)

အထက်ပါကျမ်းချက်သည် နှိမ့်ချခြင်းအကြောင်း ဖြစ်သည်။ ယေရှုခရစ်တော်သည် ဘုရားသခင်၏ သဏ္ဌာန်တော် (ဘုရားဇာတိ)နှင့် ပြည့်စုံတော်မူသော အရှင်ဖြစ်သည်။ တစ်စိတ်တစ်ပိုင်းမဟုတ်ပါ။ ပြည့်စုံ တော်မူသောအရှင်ဖြစ်သည်။ ဘုရားသခင်နှင့် မျဉ်းပြိုင်ကဲ့သို့ တန်းတူအပြိုင် ရှိနေခြင်းကို နှိုင်းယှဉ်လုယူလိုသော စိတ်မရှိဘဲ လူ့ဇာတိခံဖို့ ရွေးချယ်ခဲ့ခြင်း အကြောင်းဖြစ်သည်။ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော် တို့သည် ထိုသို့ဘုရားဇာတိအပြည့်အဝ ရှိသော်လည်း ကွဲပြားခြင်းမရှိဘဲ တစ်လုံးတစ်ဝတည်း တည်ရှိတော်မူသည်။

25/05/2026

ယနေ့ခေတ် သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်ခြင်း
(Dr. David Joy ၏ အိုးမိုင်ဂေါ့ဒ် စာအုပ်မှ ဖော်ပြသည်။)

ပရောဖက်ယောလသည် ဘုရားသခင်က ဝိညာဉ်တော်ကို လူမျိုးတကာအပေါ် သွန်းလောင်းမည်ဖြစ်ကြောင်း ပရောဖက်ပြုခဲ့သည်။

“ထို​နောက်​မှ လူ​မျိုး​တ​ကာ​တို့ အ​ပေါ်​သို့ငါ၏​ဝိ​ညာဉ်​တော်​ကို ငါ​သွန်း​လောင်း​မည်။ သင်​တို့၏ သား​သ​မီး​တို့​သည် ပ​ရော​ဖက်​ဉာဏ်​နှင့် ဟော​ပြော​ရ​ကြ​လိမ့်​မည်။ အ​သက်​ကြီး​သော​သူ​တို့​သည် နိ​မိတ်​အိပ်​မက်​တို့​ကို မြင်​မက်​ရ​ကြ​လိမ့်​မည်။ အ​သက်​ငယ်​သော သူ​တို့​သည်​လည်း ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တို့​ကို မြင်​ရ​ကြ​လိမ့်​မည်။ ငါ၏​အ​မှု​ကို​ဆောင်​ရွက်​သော ယောက်ျား​မိန်း​မ​တို့​အ​ပေါ်​သို့ ငါ၏​ဝိညာဉ်​တော်​ကို ငါ​သွန်း​လောင်း၍၊ သူ​တို့​သည် ပ​ရော​ဖက်​ဉာဏ်​နှင့် ဟော​ပြော​ရ​ကြ​လိမ့်​မည်။” (ယောလ ၂:၂၈-၂၉)

ခရစ်သက္ကရာဇ် (၃၀) ပြည့်နှစ်တွင် သခင်ယေရှုခရစ်တော် လက်ဝါးကပ်တိုင်ပေါ်တွင် အသေခံတော်မူခဲ့သည်။ သင်္ဂြိုဟ်ပြီးသုံးရက် မြောက်သောနေ့တွင် ရှင်ပြန်ထမြောက်တော်မူခဲ့သည်။ ရှင်ပြန်ထမြောက်ပြီး ရက်(၄၀)တိုင်တိုင် ကိုယ်ကိုထင်ရှားပြလျက် ဘုရားသခင်၏နိုင်ငံတော် အကြောင်းကို ဆက်တိုက်သွန်သင်နေခဲ့သည်။ ထို့နောက် ကောင်းကင်သို့ တက်သွားပြီး ရက်ပေါင်း(၁၀) ရက်အကြာ “ပင်တေကုတ္ထေ” ပွဲနေ့တွင် ပရောဖက်ယောလ ပရောဖက်ပြုဖူးသည့်အတိုင်း ဘုရားသခင်သည် သန့်ရှင်းသောဝိညာဉ်တော်ကို သွန်းလောင်းတော်မူခဲ့သည်။ ယေရုရှလင်မြို့ တွင် ရောက်နေကြသော ဒေသအသီးသီးမှ ဂျူးလူမျိုးများအပေါ် သွန်းလောင်း ခြင်းဖြစ်သည်။ ထိုအကြောင်းကို တမန်တော်ဝတ္ထုအခန်းကြီး (၂)တွင် သေသေချာချာ မှတ်တမ်းတင်ထားသည်။ ပရောဖက်ယောလက ဝိညာဉ်တော် သွန်းလောင်းသောအခါ ပရောဖက်ပြုခြင်းနှင့်ဆိုင်သောရူပါရုံများ၊ အိပ်မက် များ၊ ဟောပြောမှုများ၌ ကလေး၊ လူကြီး၊ လူငယ်၊ ယောက်ျား၊ မိန်းမ၊ လူမျိုးတကာတို့က အသက်ရှင်လျှောက်လှမ်းလာကြမည်ဟု ဟောထားခြင်း ဖြစ်သည်။ အမျိုးသမီးများသည် ဘုရားဖွင့်ပြသော ပရောဖက်ဉာဏ်နှင့် ဟောပြောလာမည်ဟု ပြောထားသည်ကို ဂရုပြုပါ။

ဓမ္မအမှုတော်ဆောင် တစ်ဦးက ကျွန်တော်တို့ အသက်ရှင်နေထိုင်သော မျက်မှောက်ကာလတွင် သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်ဖို့ ဆုတောင်း စရာမလိုတော့ကြောင်း၊ ဝိညာဉ်တော်သည် ကောင်းကင်မှမြေကြီးပေါ်သို့ တမန်တော်ဝတ္ထု (၂) တွင် ဆင်းသက်ပြီးသားဖြစ်ကြောင်း မှားယွင်းစွာ ဟောပြောခဲ့သည်ကို ကြားဖူးပါသည်။ ဤအကြောင်းအရာနှင့် ပတ်သက်ပြီး ကျွန်တော်ရှင်းပြလိုပါသည်။ ပထမအနေဖြင့် ပြောလိုသည်မှာ ခရစ်ယာန် အသက်တာသည် ပုဂ္ဂိုလ်ရေးရာ (Personal) အသက်တာ ဖြစ်ပါသည်။ “ကျွန်တော့်အဖိုး ရေနှစ်ခြင်းခံခဲ့၍ ကျွန်တော်ရေနှစ်ခြင်း ခံစရာမလိုပါ” ဟု ပြောလျှင်မှားယွင်းနေပါသည်။ ကိုယ်တိုင်ရေနှစ်ခြင်းခံဖို့ လိုပါသည်။ ကိုယ်တိုင်ဆုတောင်းရသည်။ ပွဲတော်မင်္ဂလာ ကိုယ်တိုင်ယူရပါသည်။ ထို့အတူပင် တမန်တော်ဝတ္ထုအခန်းကြီး (၂) တွင် သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်သောသူများမှာ ပေတရု၊ ယောဟန်၊ မယ်တော် မာရိမှစ၍ တပည့်တော်တို့အပေါ်တွင် ဖြစ်ပါသည်။ ကျွန်တော့်အပေါ် ဆင်းသက်ခြင်း မဟုတ်ပါ။ ဝိညာဉ်တော်ကို ကိုယ်တိုင်ခံယူမှ ရပါမည်။

ဒုတိယအချက်ရှင်းပြလိုသည်မှာ ပရောဖက်ယောလဟောခဲ့သည်မှာ လူမျိုးတကာအပေါ် ဝိညာဉ်တော်သွန်းလောင်းခြင်းဖြစ်သည်။ တမန်တော် ဝတ္ထုအခန်းကြီး (၂) သည် ဂျူးလူမျိုးများအပေါ်၌သာ ဝိညာဉ်တော် သွန်းလောင်းခြင်းဖြစ်သည်။ ဗမာလူမျိုး၊ ကရင်လူမျိုး၊ ကချင်လူမျိုး၊ ရှမ်းလူမျိုး၊ လီဆူလူမျိုး၊ လားဟူလူမျိုး၊ ဝလူမျိုး၊ ချင်းလူမျိုးများအပေါ် ဝိညာဉ်တော် မသွန်းလောင်းသေးပါ။

ထို့ကြောင့် တမန်တော်ဝတ္ထု အခန်းကြီး(၂)သည် ယောလ ပရောဖက်ပြုချက်စတင် ပြည့်စုံခြင်းသာရှိသေးသည်။ ထိုမှစ၍ လူမျိုးတကာ အထိ ခေတ်အဆက်ဆက် ဝိညာဉ်တော်သွန်းလောင်းနေဦးမည်ဖြစ်သည်။ (တ ၄:၃၁)တွင် ယေရုရှလင်မြို့ရှိ ဂျူးလူမျိုးများ၌ပင် ဝိညာဉ်တော်ထပ်မံ သွန်းလောင်းသည်။ (တ ၈:၁၄-၁၇)တွင် ရှမာရိပြည်ရှိ ရှမာရိလူမျိုးများထံ ဝိညာဉ်တော်သွန်းလောင်းသည်။ (တ ၁၀:၄၄-၄၈) တွင် ကဲသရိမြို့ရှိ ရောမတပ်မှူး ကောနေလိမှအစ တပါးအမျိုးသားများအပေါ် ဝိညာဉ်တော် သွန်းလောင်းသည်။ (တ ၁၉:၁-၇) တွင် တူရကီနိုင်ငံ ဧဖက်မြို့ရှိ ယုံကြည်သူများထံ ဝိညာဉ်တော်သွန်းလောင်းသည်။

ယခုကျွန်တော်တို့ အသက်ရှင်သော နေ့ရက်ကာလသည် မြန်မာနိုင်ငံ နှင့်တိုင်းရင်းသား လူမျိုးအသီးသီးအပေါ် ဝိညာဉ်တော်သွန်းလောင်းချိန် ဖြစ်သည်။ “သင့်အတွက်မဟုတ်” ဟု မငြင်းပယ်လိုက်ပါနှင့်။ ကျွန်တော် ဤစာအုပ်ရေးနေသည်မှာ သင်တို့သန့်ရှင်းသော ဝိညာဉ်တော်ကို ဆာငတ်ခြင်း နှင့် ခံယူလာစေရန် ရေးသားနေခြင်းဖြစ်သည်။ မကောင်းသောအရာ၊ အနာရောဂါတစ်ခုခုကို လက်ခံပါဟူ၍ အယုံသွင်းနေခြင်းမဟုတ်ပါ။ ကျွန်တော် အင်မတန် တန်ဖိုးထားသော ဘုရားပေးသော (၁၂) နှစ်ပြည့်မွေးနေ့ လက်ဆောင်အကြောင်းဖြစ်သည်။ ကျွန်တော်ဘယ်တော့မှ မလဲလှယ်မည့် လက်ဆောင်ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်ကို ခံယူပါလေ။

https://www.facebook.com/share/p/1BEbVonUgo/
08/05/2026

https://www.facebook.com/share/p/1BEbVonUgo/

ခရစ်ယာန်တို့၏ သမ္မာကျမ်းစာအား ခေါ်ဝေါ်ပုံအမျိုးမျိုး

ခရစ်ယာန်တစ်ဦး သိသင့်သော ဘာသာဗေဒဆိုင်ရာ ဗဟုသုတရေးသားလိုက်ပါသည်။

(၁) The Bible
ကမ္ဘာတစ်ဝှမ်းလုံးခေါ်ဆိုမှုအများဆုံး ဝေါဟာရဖြစ်သည်။ The Bible သည် ဂရိဝေါဟာရ "Biblia" (βιβλία) မှဆင်းသက်လာပြီး "စာအုပ်များ" (သို့) စာကြည့်တိုက်ဟု အဓိပ္ပာယ်ရသည်။ ရှေးယခင်က အီဂျစ်နှင့် ဒေသတွင်းနိုင်ငံများတွင် Papyrus ဟုခေါ်သော ကျူပင်တစ်မျိုးမှ စာရွက်ထုတ်လုပ်ကာ စာရေးခဲ့ကြသည်။ မြန်မာနိုင်ငံတွင် ပေစာ အသုံးပြုသကဲ့သို့ ထိုဒေသတွင် papyrus ကျူစာ အသုံးပြုကြသည်။

ထို papyrus ကျူစက္ကူများကို အမြောက်အများတင်ပို့သော ဖိနိပ်ပြည်ပင်လယ်ဆိပ်ကမ်းမြို့ (Phoenician port city) (ယနေ့ခေတ် လက်ဗနွန် နိုင်ငံ) ကို Byblos ဟုခေါ်တွင်ခဲ့ကြသည်။ ထိုမြို့အမည်ကိုစွဲပြီး ထိုမြို့မှ တင်ပို့သော papyrus ကျူစက္ကူများကို ဂရိတို့က Byblos ဟုခေါ်သည်။ ထိုမှ တဆင့် စာအုပ်များနှင့် စာကြည့်တိုက်ကို Biblia ဟုခေါ်ကြသည်။ ကျွန်တော်တို့လက်ဝယ်တွင်ရှိသော သမ္မာကျမ်းစာအုပ်သည် ကျမ်း (သို့) စာအုပ် စုစုပေါင်း ၆၆ ကျမ်း စုစည်းထားခြင်းဖြစ်သည်။ ထို့ကြောင့် စာအုပ်များ Biblia ဟုခေါ်တွင်လာခြင်းဖြစ်သည်။ English လို The Bible ဟုဘာသာပြန်ဆိုသည်။

(၂) Scripture (Holy Scripture)
လက်တင်ဘာသာစကား Scriptura မှဘာသာပြန်ထားခြင်းဖြစ်ပြီး The Writing အရေးအသားဟူ၍ အဓိပ္ပာယ်ရသည်။ Holy Scripture = Sacred Writings "သန့်ရှင်းသောအရေးအသားများ" ဟူ၍လည်းခေါ်တွင်သည်။ ဘုရားသခင်မှုတ်သွင်းတော်မူသောကြောင့် သာမန်စာပေများမှ သီးသန့်ဖယ်ထားသောသဘောဖြစ်သည်။

(၃) The Word of God
ဘုရားစကား (နှုတ်ကပတ်တော်) ဟု အဓိပ္ပာယ်ရသည်။ ဂရိဝေါဟာရ "Logos" (λόγος) သည် "ဘုရားသခင်၏ဖော်ထုတ်ပြသခြင်း"၊ "ဆင်ခြင်တုံတရား" (သို့) "ကျိန်းဝပ်တည်ရှိတော်မူသော သတင်းစကား" ဟုအဓိပ္ပာယ်ရသည်။ နောက်ထပ်ဂရိဝေါဟာရ "Rhema" (ῥῆμα) သည် "နှုတ်တော်ထွက်စကား" (သို့) "မိန့်မြွက်ခြင်း" ဟုအဓိပ္ပာယ်ရသည်။ ဘုရားသခင်မှ လူသားများအား ဆက်သွယ်မှုပြုသည့် စာအုပ်ဖြစ်သောကြောင့် The Word of God ဟုခေါ်ဆိုခြင်းဖြစ်သည်။

(၄) The Testament (Old and New)
လက်တင်ဝေါဟာရ testamentum မှ ဘာသာပြန်ဆိုထားခြင်းဖြစ်ပြီး "သက်သေတစ်ခု" (သို့) "အလိုတော်တစ်ခု" ဟုအဓိပ္ပာယ်ရသည်။ ဘုရားသခင်သည် လူတို့နှင့်ဖွဲ့တော်မူသော ပဋိညာဉ် (မောရှေအားဖြင့် ပဋိညာဉ်တရားဟောင်းနှင့် ယေရှုခရစ်တော်အားဖြင့် ပဋိညာဉ်တရားသစ်) ၏ သက်သေခံစာအုပ်အဖြစ် ခေါ်ဝေါ်ခြင်းဖြစ်သည်။

(၅) The Canon
ဂရိဝေါဟာရ "kanōn" (κανών) မှ ဘာသာပြန်ထားခြင်းဖြစ်သည်။ "ကျူရိုး"၊ "တိုင်းတာသည့်တုတ်"၊ "စံ"၊ "စည်းမျဉ်း" ဟုအဓိပ္ပာယ်ရသည်။ ဘုရားသခင် မှုတ်သွင်းတော်မူသော စံသတ်မှတ်ချက်များနှင့် ကိုက်ညီသော ကျမ်းများကိုဆိုလိုသည်။

Dr. David Joy
Adjunct Professor
CMM College of Theology

https://www.facebook.com/share/p/17WW4vPSYr/
06/05/2026

https://www.facebook.com/share/p/17WW4vPSYr/

ဆရာဝန်တစ်ဦးမှ မိခင်များနှင့် ပတ်သက်၍ ရေးသားခြင်း - ဒုတိယပိုင်း

မကြာမီ မိခင်များနေ့ ရောက်ရှိတော့မည်ဖြစ်၍ မိခင်များနှင့်သက်ဆိုင်သော ဆန်းကြယ်လှသည့် အဖြစ်မှန်များကို ဦးနှောက်အာရုံကြောသိပ္ပံ၊ သမ္မာကျမ်းစာနှင့် ဂျူးလူမျိုးတို့၏ ရှုထောင့်များမှ ရေးသားခြင်းဖြစ်သည်။

အဆင့် (၄) စွန့်လွှတ်အနစ်နာခံခြင်းမှ ဝမ်းမြောက်မှု (ဦးနှောက်ရှိ ဆုချပေးသောဌာနများမှ စွမ်းဆောင်မှုများ)

မီးဖွားပြီးနောက် မိခင်သည် ကလေး၏ မျက်နှာလေးမြင်လိုက်သည်ဖြစ်စေ၊ ကလေးဦးခေါင်းမှ ကိုယ်သင်းနံ့လေးရှူရှိုက်လိုက်သည်ဖြစ်စေ၊ ကလေးအသံလေးကြားလိုက်သည်ဖြစ်စေ ဦးနှောက်ရှိ ဆုချပေးသောဌာနများဟုခေါ်သည့် Substantia Nigra နှင့် Ventral Tegmental Area တို့မှ Dopamine (သာယာမှုဟော်မုန်း) နှင့် Oxytocin (သံယောဇဉ်ဟော်မုန်း) တို့ကို လှိုင်းများကဲ့ထုတ်လွှတ်တော့သည်။ ထို့ကြောင့် ကျွန်တော်၏ မိတ်ဆွေဖြစ်သော ဆရာမနော်ဂေးလယ်မှ “ကိုယ်ဘယ်လောက် ပင်ပန်း၊ ပင်ပန်း၊ သူတို့မျက်နှာလေးကို မြင်လိုက်ရင် စိတ်ချမ်းသာတာ ဘာနဲ့မှ မတူဘူး” ဟုပြောပါသည်။ ကလေးကို ပြုစုစောင့်ရှောက်ခြင်းသည် အလွန်တရာပင်ပန်းသောအလုပ်ဖြစ်သော်လည်း အင်မတန်အဖိုးတန်သော ဆုလာဘ်တစ်ခုရသကဲ့သို့ အလွန်အမင်းသာယာမှုပီတိကို ဖြစ်ပေါ်စေပါသည်။ ချိုးဖြတ်၍မရသော သံယောဇဉ်ပင်ဖြစ်သည်။

သခင်ယေရှုခရစ်တော်သည်လည်း လူသားများအား အပြစ်တရားနှင့် အပယ်ငရဲမှ ရွေးနှုတ်ရန်အတွက် အပြစ်ကြွေးများကို လက်ဝါးကပ်တိုင်၌ ပေးဆပ်ခဲ့ခြင်းသည်လည်း ထို့နည်းတူဖြစ်ပါသည်။ ဝမ်းမြောက်ခြင်းအပြည့်ဖြင့် စွန့်လွှတ်အနစ်နာခံကာ အသေခံတော်မူပြီး၊ သုံးရက်မြောက်သောနေ့တွင် ရှင်ပြန်ထမြောက်တော်မူသည်။ ယနေ့ ကောင်းကင်ဘုံတွင် ခမည်းတော်ဘုရားသခင်၏ လက်ယာဖက်တွင် ထိုင်တော်မူပြီး လက်ခံသောသူများအား ကရုဏာ၊ မေတ္တာနှင့် ကယ်တင်ခြင်းကျေးဇူးပေးတော်မူသည်။

“ယုံ ကြည် ခြင်း ကို အ စ အ ဦး စီ ရင်၍ စုံ လင် စေ တော် မူ သော သ ခင် ယေ ရှု ကို စေ့ စေ့ ထောက် ရှု ကြ ကုန် အံ့။ ထို သ ခင် သည် မိ မိ ရှေ့၌ ထား သော ဝမ်း မြောက် ခြင်း အ ကြောင်း ကြောင့်၊ ရှက် ကြောက် သော အ ရာ ကို မ မှတ် ဘဲ လက် ဝါး ကပ် တိုင်၌ ခံ ပြီး မှ၊ ဘု ရား သ ခင်၏ ပ လ္လင် တော် လက် ယာ ဘက်၌ ထိုင် နေ တော် မူ၏။-”
ဟေဗြဲ 12:2 JBMLE

အဆင့် (၅) စကားလုံးမပါသော ဘာသာစကားသစ် (အာရုံကြောလမ်းကြောင်းသစ်များမှပေးသော ထိုးထွင်းသိမြင် ကိုယ်ချင်းစာနားလည်မှု)

မိခင်၏ ဦးနှောက်တွင် အသစ်ပေါ်လာသော အာရုံကြောလမ်းကြောင်းအသစ်များက စကားမပြောတတ်သော မွေးကင်းစကလေး၏ ဘာသာစကားသစ်ကို နားလည်စေပါသည်။ ဗိုက်ဆာ၍ငိုသံ၊ ပင်ပန်း (အိပ်ချင်) ၍ငိုသံ၊ နာကျင်၍ငိုသံတို့ကို အလိုလိုခွဲခြားသိမြင်စေသည်။ ထိုကဲ့သို့မြင့်မားသွားသော သိမြင်ခံစား ကိုယ်ချင်းစာနားလည်မှုသည် မိမိရင်သွေးအတွက်သာမကဘဲ အခြားသူများအတွက်ပါ တိုးပွါးလာသည်။ စကားလုံးများမမြွက်ဟသော်လည်း ထိုးထွင်းသိမြင်မှုနှင့် စာနာနားလည်မှုတို့ဖြစ်သည်။ ဤအရာကို “မိခင်စိတ်” ဟူ၍ ခေါ်ကြသည်။

အဆင့် (၆) ကရုဏာသားအိမ် (Microchimerism - ထုံးဖွဲ့ထားသောဇီဝဖြစ်စဉ်)

ကရုဏာသည် သားအိမ်ကဲ့သို့ စွမ်းပကားရှိကြောင်း ယခင်ပထမပိုင်းတွင် ဖော်ပြခဲ့ပြီးဖြစ်သည်။ ကိုယ်ဝန်ဆောင်စဉ်ကာလတွင် ကလေး၏ဆဲလ်များသည် အချင်းမှတဆင့် မိခင်၏သွေးစီးကြောင်းထဲဝင်ရောက်သွားသည်။ နောက်တွင် မိခင်၏ ဦးနှောက်၊ နှလုံးနှင့် အဆုတ်များအတွင်းသို့ ရောက်ရှိသွားကာ ဆယ်စုနှစ်ချီကာ ဆက်လက်ရှိနေသည်။ မိခင်တစ်ဦးသည် သူ့ကလေး၏ ဆဲလ်များကို သူ့ဦးနှောက်အတွင်း ကျန်ရှိသောဘဝတစ်လျှောက်လုံး ဆက်လက်သယ်ဆောင်သွားသည်။ ဤအရာကို Microchimerism (ထုံးဖွဲ့ထားသောဇီဝဖြစ်စဉ်) ဟူ၍ ခေါ်သည်။

မိခင်သည် ရင်သွေး၏ ဆဲလ်များကို သူ၏ဦးနှောက် အတွေးများထဲတွင် ထာဝရသယ်ဆောင်သွားသည်။ ကျွန်တော်တို့သည် မိခင်၏ သားအိမ်အတွင်း၌ ရှိမနေတော့သော်လည်း မိခင်သည် ချစ်သနားခြင်းကရုဏာများဖြင့် ကျွန်တော်တို့အား သူ၏အတွေးများ၊ ခံစားချက်များတွင် ဆက်လက်သယ်ဆောင်လျှက်ရှိသည်။ ကျွန်ုပ်တို့၏ တစ်စိတ်တစ်ပိုင်းသည် မိခင်နှင့်အမြဲရှိနေသည်။

“အကြောင်းမူကား ကိုယ်တော် သည် အကျွန်ုပ် ၏ ကိုယ်ခန္ဓာ အတွင်းပိုင်း တို့ ကို ဖန်ဆင်း ၍ အမိ ဝမ်းတွင်း ၌ အကျွန်ုပ် ကို ဆက်စပ် ဖွဲ့စည်း တော်မူ ၏ ။”
ဆာလံကျမ်း 139:13 MSBU

(ဆက်စပ်ဖွဲ့စည်း / knit together ဟူသောဝေါဟာရသည် ဆွယ်တာထိုးသကဲ့သို့ မိခင်၏ဝမ်းတွင်းမှာ သန္ဓေသားနှင့် မိခင်၏ ဆဲလ်များ ဆက်စပ်ဖွဲ့စည်းခြင်းကို ဆိုလိုသည်။)

အဆင့် (၇) ယုံကြည်ခြင်းအမွေအနှစ် (ဝိညာဉ်ရေးရာအမွေပေးခြင်း)

မိခင်ဆီမှ အသက်ရှင်ခြင်း၊ ပြုစုယုယ ပျိုးထောင်ခြင်း၊ ချစ်သနားခြင်းကရုဏာများ ရယူခဲ့သလို ဝိညာဉ်ရေးရာ ဓမ္မအမွေကို တန်ဖိုးထားလက်ခံရယူဖို့လိုပေသည်။ မိခင်အား ဝမ်းမြောက်ကျေနပ်မှု အဖြစ်စေဆုံးသောအရာသည် ကျွန်တော်တို့အသက်တာများ လမ်းမှား၌ မလျှောက်လှမ်းဘဲ၊ သမ္မာတရား၌ လျှောက်လှမ်းနေခြင်းဖြစ်ပေသည်။

“သင် ၌ ရှိ သည့် ဟန်ဆောင် မှု ကင်း သော ယုံကြည် ခြင်း ကို လည်း ငါ သတိရ ၏။ ထို ယုံကြည် ခြင်း သည် သင် ၏ အဖွား လောဣ နှင့် သင် ၏ မိခင် ဥနိတ် တို့ ၌ ဦးစွာ တည်ရှိ ၍ ယခု သင် ၌ လည်း တည်ရှိ သည် ဟု ငါ ယုံကြည် စိတ်ချ ၏။”
တိမောသေဩဝါဒစာဒုတိယစောင် 1:5 MSBU

မိဘကို ရိုသေစွာပြုသည်ဟုဆိုရာ၌ ဂုဏ်ပြုကျေးဇူးဆပ်ခြင်းကို ဆိုလိုသည်။ ယခုမိခင်များနေ့တွင်လည်းကောင်း၊ နောင်ကာလအစဉ်အဆက်တွင်လည်းကောင်း မိခင်အား ကျွေးမွေးစောင့်ရှောက်ကာ ဂုဏ်ပြုအသက်ရှင်ကြဖို့အရေးကြီးပေသည်။ အယောက်စီတိုင်း ဘဝဒဏ်ရာများ အနာငြိမ်းပျောက်ကင်းကာ၊ ကြည်နူးမင်္ဂလာရှိသော မိခင်များနေ့ကို ဖြတ်သန်းရပါစေကြောင်း ဆုတောင်းမေတ္တာပို့သရင်း…

“သင် ၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ပေး သ နား တော် မူ သော ပြည်၌ သင်၏ အ သက် တာ ရှည် မည် အ ကြောင်း၊ သင်၏ မိ ဘ ကို ရို သေ စွာ ပြု လော့။”
ထွက်မြောက်ရာ 20:12 JBMLE

(ယခင် ပထမပိုင်းကို ဖတ်ရှုဖို့ တိုက်တွန်းအပ်ပါသည်။)

Dr. David Joy
University of Medicine 1, Yangon, M.B.,B.S
CMM College of Theology, USA, M.Th., Th.D., Adjunct Professor of Theology

https://www.facebook.com/share/p/1ESPw1SEeS/
05/05/2026

https://www.facebook.com/share/p/1ESPw1SEeS/

ဆရာဝန်တစ်ဦးမှ မိခင်များနှင့် ပတ်သက်၍ ရေးသားခြင်း - ပထမပိုင်း

မကြာမီ မိခင်များနေ့ ရောက်ရှိတော့မည်ဖြစ်၍ မိခင်များနှင့်သက်ဆိုင်သော ဆန်းကြယ်လှသည့် အဖြစ်မှန်များကို ဦးနှောက်အာရုံကြောသိပ္ပံ၊ သမ္မာကျမ်းစာနှင့် ဂျူးလူမျိုးတို့၏ ရှုထောင့်များမှ ရေးသားလိုက်ပါသည်။

အဆင့် (၁) ကြိုတင်ပြင်ဆင်ခြင်း (ဟော်မုန်းများ၏အမြင့်မားဆုံးစွမ်းဆောင်ခြင်း)

ကိုယ်ဝန်ဆောင်ကာလတွင် ကိုယ်ဝန်ဆောင်ဟော်မုန်းများဖြစ်ကြသော progesterones နှင့် estrogen တို့သည် မိခင်၍ ဦးနှောက်များကို လွှမ်းမိုးသွားတော့သည်။ လာမည့်မီးဖွားချိန်၊ မိခင်နှင့်ကလေး အသားချင်းထိတွေ့ချိန် (skin-to-skin contact) တို့တွင် မိခင်၌ များစွာသော ဓာတ်သဘာဝပြောင်းလဲမှုများဖြစ်လာဦးမည်ဖြစ်သည်။ ထို့သို့ဖြစ်ပေါ်လာမည့်ပြောင်းလဲမှုများတွင် မိခင်၏ဦးနှောက်သည် အလွန်တရာနိုးကြားတက်ကြွမှု လုပ်ဆောင်နိုင်စေရန် အထက်ပါဟော်မုန်း ၂ မျိုးက ကိုယ်ဝန်ဆောင်စဉ်မှာပင် ဦးနှောက်အားကြိုတင်ပြင်ဆင်ပေးနေခြင်းဖြစ်သည်။

Neuroplasticity ဟုခေါ်သည့် အရွယ်ရောက်လူကြီးတစ်ဦး၏ ဦးနှောက်ဖွဲ့စည်းပုံ ပြောင်းလဲမှုများ ကိုယ်ဝန်ဆောင်မိခင်တွင် ဖြစ်ပေါ်လျှက်ရှိနေသည်။ မိမိတို့အိမ်များ၊ အဆောက်အဦးများကို ပြန်လည်ပြုပြင်ဖွဲ့စည်းသကဲ့သို့ ကိုယ်ဝန်ဆောင်မိခင်တစ်ဦး၏ ဦးနှောက်အာရုံကြောများသည် ထိုဟော်မုန်း ၂ မျိုးကြောင့် အသိသာအထင်ရှားဆုံးပြုပြင်ဖွဲ့စည်းမှုများ တွေ့ကြုံခံစားနေရသည်။ မိခင်၏ဦးနှောက်သည် အသစ်တဖန်ဖန်ဆင်းခံရသကဲ့သို့ပင်ဖြစ်သည်။ ဦးနှောက်အာရုံကြောလမ်းကြောင်းသစ်များ (new neural pathways) ကို လျှင်မြန်စွာဖြစ်ပေါ်စေကာ အမူအကျင့်အသစ်များ (new habits) ကို သင်ယူနိုင်စေရန် ဦးနှောက်အားပြင်ဆင်ပေးနေခြင်းဖြစ်သည်။

သင်သည်မတော်တဆတစ်ခုမဟုတ်ပါ။ အမှားတစ်ခုမဟုတ်ပါ။ သင့်မိဘများမှ ကြိုတင်မပြင်ဆင်နိုင်ခဲ့လျှင်ပင် ဖန်ဆင်းရှင်အဖဘုရားသည် သင့်မိခင်၌ သင့်အတွက်ပြင်ဆင်တော်မူသည်။ သင်၏မိခင်၏ သားအိမ်တွင်သာမက၊ ဦးနှောက်တွင်ပါ ကြိုတင်ပြင်ဆင်မှုပြုတော်မူခဲ့သည်။ သင့်ဘဝအသက်တာသည် ကြိုတင်ပြင်ဆင်စောင့်ကြိုခြင်းခံရသော တန်ဖိုးရှိလှသည့် ရတနာပင်ဖြစ်သည်။ ဘုရားသခင်သည် သင့်မိခင်ကို အသုံးပြုကာ သင့်အတွက်ကြိုတင်ပြင်ဆင်တော်မူခဲ့သည်။

“ထာ ဝ ရ ဘု ရား သည် အ ဝေး ကထင် ရှား၍ မိန့် တော် မူ သည် ကား၊ အ ကယ် စင် စစ် ထာ ဝ ရ မေ တ္တာ နှင့် သင့် ကို ငါ ချစ်၏။ ထို ကြောင့်၊ က ရု ဏာ ကျေး ဇူး ကို သင်၌ ကြာ မြင့် စွာ ပြ၏။”
ယေရမိ 31:3 JBMLE

အဆင့် (၂) ဗဟိုပြုခြင်း (အာရုံကြောဆိုင်ရာ ဖြတ်တောက်မှုများ)

မိခင်များသည် ကလေးမွေးပြီးသောအခါ အလွန်မေ့တတ်လာကြောင်း ပြောကြသည်။ ထုံဆေးကြောင့်မဟုတ်ပါ။ ဦးနှောက်ရှိ လူမှုဆက်ဆံရေးနှင့်ဆိုင်သော Prefrontal Cortex အပိုင်းနှင့် အချို့သောအပိုင်းများတွင် အာရုံကြောအချိတ်အဆက် ဖြတ်တောက်မှုများ (synaptic pruning) ဖြစ်ပေါ်ခဲ့သောကြောင့်ဖြစ်သည်။

စပျစ်ပင်တွင် အသီးသီးသော အခက်များသာ၍သီးစေရန်အတွက် အသီးမသီးသောအခက်များကို ခုတ်ထွင်ရှင်းလင်းခြင်းကဲ့သို့ လုပ်ဆောင်ခြင်းမျိုးဖြစ်သည်။ မေ့တတ်လာခြင်းသည် ဘေးထွက်ဆိုးကျိုးမဟုတ်ပါ။ ကလေး၏ လှုပ်ရှားပုံ၊ အသံ၊ မျက်နှာအမူအရာ၊ ခံစားချက်များနှင့် လုံခြုံမှုတို့ကို အထူးဗဟိုပြုမိစေရန်အတွက် ကလေးစောင့်ရှောက်ခြင်းနှင့်မဆိုင်သော အာရုံကြောဆိုင်ရာ အချိတ်အဆက်များကို ဖြတ်တောက်ပစ်လိုက်ခြင်းဖြစ်သည်။ သင့်အားအထူးအာရုံစိုက်နိုင်ရန်အတွက် မိခင်သည်အခြားအရာများအား မေ့လျော့တတ်ခြင်းဖြစ်သည်။

ဤကြီးမားသောဖြစ်စဉ်များနှင့်ပတ်သတ်၍ ဘုရားသခင်ကိုချီးမွမ်းပါ။ မိခင်ကို ကျေးဇူးတင်ကြောင်းပြောပါ။ မိမိချစ်ကြောင်းကိုဖော်ပြပါ။
“သူ၏ သား သ မီး တို့ သည် ထ၍၊ အ မိ ကို ကောင်း ချီး ပေး တတ် ကြ၏။ သူ၏ ခင် ပွန်း က လည်း၊”
သုတ္တံ 31:28 JBMLE

အဆင့် (၃) ကင်းစောင့်အဆင့်မြှင့်တင်ခြင်း (Amygdala အဆင့်မြှင့်တင်ခြင်း)

ကလေးမွေးဖွားသည်နှင့် တပြိုင်နက် ဦးနှောက်တွင် ခံစားချက်ပိုင်းဆိုင်ရာအရေးပေါ်အချက်ပေးသည့် Amygdala သည် အရွယ်အစားကြီးထွားလာပြီး တက်ကြွစွာပိုမိုလုပ်ဆောင်လာသည်။ လူများပြည့်နေသောအခန်းထဲမှ မိမိကလေးငိုသံကို ကြားကာသိရှိနိုင်သည်။ တိုးညှင်းသောမိမိကလေးသံလေးကြားရုံမျှဖြင့် မိခင်သည် အိပ်ပျော်ရာမှ နိုးလာသည်။

ကလေးအသက်ရှင်သန်ရန်အတွက် မိခင်သည် ခံစားချက်ပိုင်းဆိုင်ရာ အလွန်နိုးကြားနေခြင်းမျိုးဖြစ်သည်။ မိမိ၏ ဆာလောင်နေမှု (သို့) ပင်ပန်းနွမ်းလျမှုတို့ထက် ကလေး၏လိုအပ်ချက်ကို သတိရှိရှိ ဦးစားပေးလာတတ်သည်။ Amygdala ကိုအဆင့်မြှင့်တင်ခြင်းဖြင့် ကင်းစောင့်စွမ်းရည်ကိုမြှင့်တင် (The Vigilance Upgrade) လိုက်ခြင်းဖြစ်သည်။

ဟီဘရူးဘာသာစကားတွင် သားအိမ်ကို rechem ဟုခေါ်သည်။ ကရုဏာ (ခ) သနားကြင်နာခြင်း ကို rachamim ဟုခေါ်သည်။ ဤဝေါဟာနှစ်ခုသည် ဇာစ်မြစ်တစ်ခုတည်းမှ ဆင်းသက်လာသည်။ ကျွန်တော့်ဇနီးသည်သည် ဂျူးလူမျိုးသွေးနှောဖြစ်သည်။ ဂျူးလူမျိုးတို့၏ အတွေးအခေါ်တွင် ကရုဏာ (ခ) သနားကြင်နာခြင်းသည် သားအိမ်ကဲ့သို့ လွှမ်းခြုံကာကွယ်ကာ၊ အသက်ရှင်ခြင်းကိုပေးသော စွမ်းပကားရှိသည် ဟူ၍ဖြစ်သည်။ ဘုရားသခင်၏ ချစ်သနားခြင်းကရုဏာတော်သည် ကျွန်တော်တို့ကို လွှမ်းခြုံကာကွယ်ကာ၊ အသက်ရှင်ခြင်းကိုပေးနေသည်။

“အ မိ သည် သား ငယ် ကို နှစ် သိမ့် စေ သ ကဲ့ သို့၊ သင် တို့ ကို ငါ နှစ် သိမ့် စေ မည်။ ယေ ရု ရှ လင် မြို့၌ ချမ်း သာ ရ ကြ လိမ့် မည်။”
ဟေရှာယ 66:13 JBMLE

(ဒုတိယပိုင်း ကို နောက်ရက်တွင် ဆက်လက်ဖတ်ရှုနိုင်ပါသည်။)

Dr. David Joy
University of Medicine 1, Yangon, M.B.,B.S
CMM College of Theology, USA, M.Th., Th.D., Adjunct Professor of Theology

Address

Yangon

Alerts

Be the first to know and let us send you an email when CMM ဓမ္မကောလိပ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share