03/02/2026
မျက်မြင်သက်သေဖြစ်ခြင်းဆိုတဲ့ ရာဇဝတ်မှု
____________________________
ကနေဒီစင်တာကနေ မက္ကစီကိုပင်လယ်ကွေ့အထိ နေရာတွေ၊ အဆောက်အအုံတွေကို သူ့နာမည်ပေးချင်တဲ့ ဒေါ်နယ်ထရမ့်ရဲ့ လုပ်ရပ်ကို ကြည့်လိုက်ရင် ရယ်စရာကောင်းလောက်အောင် ကလေးဆန်တယ်လို့ ခေါ်ဆိုစရာရှိနေပါတယ်။(မက္ကစီကိုပင်လယ်ကွေ့ကို ထရမ့်ပင်လယ်ကွေ့လို့ ကျွန်တော် ခေါ်လိုက်ချင်တယ်လို့ ထရမ့်က ဇန်နဝါရီမှာ ပြောခဲ့ဖူးပါတယ်။) ဒါပေမဲ့ ဒါဟာ လူသေစေနိုင်တဲ့ ဟာသဖြစ်လာခဲ့ပါတယ်။ သူ့အစိုးရဟာ သူတို့အဆုံးစီရင်သတ်ဖြတ်လိုက်သူမှန်သမျှကို “အကြမ်းဖက်သမားတွေ” လို့ တံဆိပ်ကပ်ပြီး အဲ့ဒီအသတ်ခံလိုက်ရတဲ့သူတွေရဲ့ နာမည်ကို ဖျက်နေပါပြီ။ ဒီလို နာမည်သစ်ပေးတာဟာ အလုံးစုံအာဏာချုပ်ကိုင်ခြင်းဖြစ်တယ်လို့ ပေါ်ပေါ်တင်တင်ပြောလိုက်တာပဲဖြစ်ပါတယ်။ ထရမ့်ဟာ ဘာသာစကားအပေါ် အလုံးစုံချုပ်ကိုင်ပြီး ထင်သလိုအမည်ပေး၊ အဓိပ္ပါယ်သတ်မှတ်နေတာမို့ အမေရိကန်ပြည်သူတွေနဲ့ အမေရိကန်ရီပတ်ဘလစ်တို့အတွက် သေစေနိုင်တယ်ဆိုတဲ့ ဒုက္ခတွင်းထဲကို ကျသထက်ကျဖို့သာရှိနေပါတယ်။ မင်နီယာပိုလစ်ရဲ့လမ်းပေါ်မှာ အဲလက် ပရက်တီကို သတ်ဖြတ်လိုက်တာကို လူသတ်မှုလို့ မခေါ်နိုင်ဘူးဆိုရင် အာဏာရှင်စနစ်နဲ့အုပ်ချုပ်တဲ့အစိုးရဟာ အရေးအကြီးဆုံးစစ်ဆေးမှုတစ်ခုကို ကျော်ဖြတ်နိုင်ခဲ့ပြီလို့ ဆိုရပါမယ်။ အဲ့ဒီစစ်ဆေးမှုကတော့ အမေရိကန်အစိုးရဟာ အဓိပ္ပါယ်အားလုံးကို ပြောင်းပြန်လှန်ပစ်တယ်၊ ကိုယ်ကျင့်တရားပိုင်းအရ စည်းကျော်တာကို ပြောင်းပြန်လှန်ပစ်တယ်၊ ထိခိုက်နစ်နာသူကို ကျူးလွန်သူအဖြစ်၊ ကျူးလွန်သူကို ထိခိုက်နစ်နာသူအဖြစ် ပြောင်းပြန်လှန်ပစ်လိုက်တာပါပဲ။
လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်က မင်နီယာပိုလစ်မှာ အိုင်စီအီးအရာရှိတစ်ဦးရဲ့ အချက်ပေါင်းများစွာပစ်ခတ်မှုကြောင့် သေဆုံးခဲ့တဲ့ ရနီး ဂွတ်နဲ့ ပရက်တီတို့ ကျူးလွန်ခဲ့တဲ့ အပြစ်ကြီးကတော့ မျက်မြင်သက်သေဖြစ်ခြင်းဆိုတဲ့ ရာဇဝတ်မှုပဲဖြစ်ပါတယ်။ ဂွတ်ဟာ အိုင်စီအီးကို သူ့ကားပေါ်ကနေ စောင့်ကြည့်နေမိခဲ့ပါတယ်။ ပရက်တီကတော့ နယ်ခြားစောင့်ကင်းလှည့်ရဲတပ်ဖွဲ့ဝင်တွေကို ဗီဒီယိုရိုက်ကူးမိခဲ့ပါတယ်။ သူတို့နှစ်ဦးစလုံးဟာ ဒီမိုကရေစီနိုင်ငံတွေက သူတို့နိုင်ငံသားတွေကို ပေးအပ်ထားတဲ့ တာဝန်ကို ထမ်းဆောင်နေခဲ့တာပဲဖြစ်ပါတယ်။ အဲ့ဒီတာဝန်ကတော့ အာဏာပိုင်တွေရဲ့ လုပ်ဆောင်မှုကို အနီးကပ်စောင့်ကြည့် မှတ်တမ်းတင်တာပါ။ လွတ်လပ်မှုအတွက် ပေးအပ်လိုက်ရတဲ့ အဖိုးအခက အမြဲမပြတ် သတိမချပ်စောင့်ကြည့်ခြင်းဖြစ်မယ်ဆိုရင် အမြဲစောင့်ကြည့်နေသူတွေအပေါ် အဆုံးစွန်ဆုံးသော ပြစ်ဒဏ်(သတ်ဖြတ်မှု) ချမှတ်လိုက်တဲ့ နိုင်ငံတစ်နိုင်ငံဟာ လွတ်လပ်မှုရှိတဲ့ နိုင်ငံမဟုတ်တော့ပါဘူး။
ထရမ့်အစိုးရဲ့ အသားကျအောင်လုပ်ခြင်းဆိုတဲ့ စီမံကိန်းကို ကဖျက်ယဖျက်လုပ်တာမို့ အမြဲမပြတ်စောင့်ကြည့်ခြင်းဟာ အန္တရာယ်များဆုံး ဆန့်ကျင်တော်လှန်မှုတစ်ခုဖြစ်နေပါတယ်။ ဖက်ဆစ်ဝါဒဟာ အဆုံးစွန်ဆုံးလုပ်ရပ်ကို ပုံမှန်/သာမန်ဖြစ်အောင် လုပ်ခြင်းနဲ့ လည်ပတ်ပါတယ်။ ပြဇာတ်ရေးဆရာကြီး ဆယ်မြူယယ် ဘက်ကက်စကားအရပြောရရင် အကျင့်ဆိုတာ ကြီးမားတဲ့ အားနည်းအောင်လုပ်မှု၊ ခံစားချက်နည်းသွားအောင် လုပ်မှုပါပဲ။ ထရမ့်ဟာ သမ္မတဒုတိယအကြိမ်ဖြစ်ချိန်ကစလို့ လုံးဝနီးပါး အကန့်အသတ်မရှိ အာဏာပိုင်ထားတဲ့ လက်နက်ကိုင် မျက်နှာဖုံးစွပ်အမျိုးသားတွေကို အမေရိကန်နိုင်ငံသားတွေ မြင်နေကျ၊ ကြားနေကျ၊ ကြုံနေကျဖြစ်အောင် လုပ်ဖို့ကြိုးစားခဲ့ပါတယ်။
ဒီလိုလုပ်ဆောင်ရာမှာ ပထမဆုံးအနေနဲ့ အမျိုးသားအစောင့်တပ်ဖွဲ့ဝင်တွေကို လော့စ်အိန်ဂျလိစ်နဲ့ အခြားမြို့တွေဆီ ပို့တယ်။ ပြီးတော့ အိုင်စီအီးအရာရှိတွေကို ဝါရှင်တန်၊ မန်းဖစ်၊ နက်ရှ်ဗီး၊ အတ္တလန္တာ၊ ရှားလော့၊ နျူးအော်လင်း၊ ဘရောင်းစ်ဗီး၊ လာ့စ်ဗေးဂတ်စ်၊ လော့စ် အိန်ဂျလိစ်၊ ဖီလာဒယ်ဖီယာ၊ နီဝက်၊ဘော်စတန်၊ရှီကာဂို၊ ဒီးထရွိုက်၊ အင်ဒီယားနားပိုလစ်နဲ့ မင်နီယာပိုလစ်တို့ကို ပို့ဆောင်ခဲ့ပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းဖြင့် ထရမ့်အစိုးရဟာ တရားရေးနဲ့ နိုင်ငံရေးဆိုင်ရာစံနှုန်းတွေကိုသာမက အသားကျခြင်း/ပုံမှန်ဖြစ်ခြင်း ဆိုတာကိုပါ ပြန်လည်အဓိပ္ပါယ်ဖွင့်ဆိုဖို့ ကြိုးပမ်းနေတာပဲဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ အကြောင်းအရင်းမဲ့၊ ဥပဒေမဲ့ အကြမ်းဖက်မှုဆိုတဲ့ ခြိမ်းခြောက်မှုကို နေ့စဉ်လုပ်ရိုးလုပ်စဉ်ဖြစ်အောင်လုပ်ပြီး အမေရိကန်နိုင်ငံသားတွေရဲ့ နေ့စဉ်မြို့ပြဘဝ အသွေးအသားထဲကို ထည့်သွင်းပေးနေတာပဲဖြစ်ပါတယ်။ သိသိသာသာကြီးကို ကျူးကျော်သိမ်းပိုက်ခံထားရတဲ့အခြေအနေမှာတောင် အမေရိကန်နိုင်ငံသားတွေဟာ နေ့စဉ်လုပ်ရိုးလုပ်စဉ် လှုပ်ရှားသွားလာနေထိုင်တာကို လုပ်နိုင်တယ်ဆိုတဲ့ အတွေးကို ခေါင်းထဲရိုက်ထည့်နေတာပဲဖြစ်ပါတယ်။
ဒီလိုလုပ်ဖို့ဖြစ်နိုင်တယ်ဆိုတာကို ကျွန်တော့်လို အိုင်ယာလန်သားတစ်ဦးအနေနဲ့ ကောင်းကောင်းသိပါတယ်။ ကျွန်တော့်မွေးရပ် အိုင်ယာလန်မှာ နှစ်ပေါင်းသုံးဆယ်လုံးလုံး ဈေးဆိုင်တံခါးဝတွေမှာ၊ သာမန်အိမ်တွေရဲ့ နောက်ဖက်ခြံဝင်းထဲမှာ စက်သေနတ်တွေကိုင်ထားတဲ့ တပ်ဖွဲ့ဝင်တွေကို မြင်တွေ့ခဲ့ရပါတယ်။ နေရာတကာမှာ သူတို့ကိုမြင်ရလွန်းလို့ မျက်လုံးစွေစောင်းကြည့်လိုက်ရင် မြင်ရတတ်တာမျိုးပါ။ တစ်ချိန်လုံးရှိနေတာမို့ မထူးဆန်းတော့ဘဲ သတိမထားမိတာတောင် ဖြစ်ခဲ့ရပါတယ်။
ဒီလိုအသားကျအောင် အကျင့်ပါအောင် လုပ်တဲ့လုပ်ထုံးလုပ်နည်းဟာ အဆင့်တက်တဲ့ဖြစ်စဉ်လည်းဖြစ်ပါတယ်။ အခြေကျပြီဖြစ်တဲ့ ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံမှာ အာဏာရှင်စနစ်နဲ့ အုပ်ချုပ်တယ်ဆိုတာ တဖြည်းဖြည်းကျင့်သုံးရတဲ့အလုပ်ပါ။ တင်းကျပ်မှုကို တစ်ထစ်ချင်းတိုးရတာဟာ အဓိကအားဖြင့် ကိုယ်ကျင့်တရားပိုင်းပဲဖြစ်ပါတယ်။ နိုင်ငံသားတွေကို မထူးခြားဘူး၊ ပုံမှန်ပဲဖြစ်ပျက်နေတာလို့ မှတ်ယူသွားအောင် လုပ်ကိုလုပ်ရပါတယ်။ ကလေးတွေကို မည်သူမည်ဝါမှန်းမသိရတဲ့ မျက်နှာဖုံးစွပ်အရာရှိတွေကနေ ပြန်ပေးဆွဲဖမ်းဆီးနေတဲ့ ရုပ်ပုံတွေကို အများပြည်သူ မြင်ပါများလို့ ကျင့်သားရလာရပါမယ်။ မျက်နှာဖုံးစွပ်ထားတဲ့ အမျိုးသားတွေက အမျိုးသမီးငယ်တွေကို လမ်းပေါ်မှာ ကိုယ်ထိလက်ရောက်လုပ်တာမျိုး၊ ဗင်ကားတွေအပေါ် အတင်းတင်နေတာမျိုးတွေပါဝင်တဲ့ ဖြစ်ရပ်တွေဟာ ပုံမှန်ဖြစ်ရပ်ဖြစ်လာရပါမယ်။ ပြန်ပေးဆွဲဖမ်းဆီးတာကို မထူးတဲ့ဖြစ်ရပ်အဖြစ် နိုင်ငံသားတွေဟာ လေ့လာသင်ယူရပါမယ်။
လက်တင်အမေရိကနိုင်ငံတွေမှာ တချိန်က ရှိခဲ့တဲ့ နေ့မြင်၊ ညဘက်မှာ ဝင်အဆွဲခံရလို့ ပျောက်ဆုံးသွားတဲ့ ဖြစ်ရပ်လိုမျိုးကို ဘာမှမဖြစ်သလိုမျိုး လက်ခံလာတတ်ရပါမယ်။ သတ်ဖြတ်မှုတွေနဲ့ ကျင့်သားရလာရပါမယ်။ ပထမဆုံးအနေနဲ့ ရွှေ့ပြောင်းတွေရဲ့ လူမသိသူမသိသေဆုံးမှုနဲ့ပေါ့။ ၂၀၂၅ ခုနှစ်အတွင်း အိုင်စီအီးရဲ့ အကျဉ်းထောင်တွေထဲမှာ လူ ၃၂ ဦးသေဆုံးခဲ့ပါတယ်။ ဘာလို့သေဆုံးလဲဆိုတော့ ကျန်းမာရေးအရ ဆိုးရွာတဲ့ အခြေအနေတွေမှာ အာဏာပိုင်တွေက ဆေးမကုပေးခဲ့လို့ပဲဖြစ်ပါတယ်။ နောက်တစ်ဆင့်ကတော့ လူမြင်ကွင်းမှာ အမေရိကန်နိုင်ငံသားတွေကို ပြောင်ပြောင်တင်းတင်း သတ်ဖြတ်တာကို လက်ခံလာနိုင်ရပါမယ်။ ဒီလို့အဆင့်တက်တဲ့ ယုတ္တိမှာ သွေးအေးအေးနဲ့ တွေ့ရာသင်္ချိုင်းဓားမဆိုင်းဘဲ သတ်ဖြတ်အဆုံးစီရင်ခြင်းဟာ မတော်တဆဖြစ်ရပ်တစ်ခုမဟုတ်တော့ပါဘူး။ နေ့စဉ်ဖြစ်ရိုးဖြစ်စဉ်နဲ့ အထွတ်အထိပ်ရောက်ခြင်းပါပဲ။
အဲလက်စ် ပရက်တီကို သတ်ဖြတ်ခြင်းကိုယ်တိုင်ဟာ ရည်ရွယ်ချက်ရှိရှိနဲ့လုပ်ဆောင်တဲ့ လုပ်ရပ်ဖြစ်သလို နိုင်ငံရေးအရ အကွက်ချလုပ်ဆောင်ခြင်းလည်းဖြစ်ပါတယ်။ ရနီးဂွတ်ကို ဇန်နဝါရီ ၇ ရက်မှာ သတ်ဖြတ်ခဲ့ပြီးနောက် ထရမ့်အစိုးရဟာ အာဏာရှင်စနစ်ကို ကျင့်သုံးဖို့စိတ်ကူးမရှိခဲ့ဘူးဆိုရင် အိုင်စီအီးတပ်ဖွဲ့ဝင်ဦးရေကို လျှော့ချပြီး သူတို့ရဲ့လုပ်ရပ်တွေကို ကန့်သတ်လိုက်မှာပဲဖြစ်ပါတယ်။ ဂွတ်သေဆုံးမှုကို အဖြစ်ဆိုးလို့သတ်မှတ်ခဲ့မှာပါ။ ပုဂ္ဂလိကအဖြစ်ဆိုးသာမကဘဲ အစိုးရရဲ့ လက်လွတ်စပယ်လုပ်ဆောင်မှုလို့ ခေါ်ဆိုမှာပါ။ ဒီလိုဖြစ်လာဖို့ ဘယ်တုန်းကမှ မရွယ်ခဲ့ပါဘူးလို့ ထရမ့်ကလည်း ရှင်းလင်းပြောဆိုခဲ့မှာပါ။
သူနဲ့ သူ့လက်အောက်ငယ်သားတွေက အပေါ်ကလုပ်ရပ်တွေရဲ့ လုံးဝဆန့်ကျင်ဘက်ကို လုပ်ဆောင်ခဲ့တာပဲဖြစ်ပါတယ်။ ဂွတ်ကို ပြည်တွင်းအကြမ်းဖက်သမားလို့ တံဆိပ်ကပ်ပြီး သူ့ကို သတ်လိုက်ရတာဟာ အိုင်စီအီးအရာရှိတစ်ဦးရဲ့ ပုဂ္ဂလိက ခုခံကာကွယ်မှုသာမကဘဲ အဖွဲ့အစည်းဆိုင်ရာကိုယ့်ကိုယ်ကိုယ်ခုခံမှုလို့ ဆိုခဲ့ပါတယ်။ ဒီလိုမျိုး နည်းဗျူဟာကို ခြွင်းချက်မဟုတ်ကြောင်း၊ တွေ့ရာသင်္ချိုင်းဓားမဆိုင်း သတ်ဖြတ်မှုကို ဖြစ်ရိုးဖြစ်စဉ်ဖြစ်ကြောင်း လုပ်ဆောင်ဖို့အတွက် ဂွတ်သေဆုံးမှုဟာ တစ်ကြိမ်တစ်ခါပဲဖြစ်တဲ့ ဖြစ်ရပ်မဟုတ်ကြောင်း သက်သေပြမှဖြစ်ပါတော့မယ်။ နှစ်ဆတိုးလုပ်ဖို့ လိုအပ်လာပါပြီ။ အဓိပ္ပါယ်ဖွင့်ဆိုမှုအရဆိုရင် ပြည်တွင်းအကြမ်းဖက်သမားတွေဆိုတာ တစ်ဦးထဲလာလေ့မရှိပါဘူး။ သူတို့က အများကြီးပါ။ သူတို့ရဲ့လုပ်ရပ်ကနေ ခုခံဖို့ အရေးယူဆောင်ရွက်တာကိုလည်း အဆတိုးဖို့လိုအပ်လာပါပြီ။
ဒီလိုပြောတာဟာ ပရက်တီကို သတ်ဖြတ်ဖို့ အထက်ကနေ အမိန့်အဆင့်ဆင့်ပေးခဲ့တာလို့ ဆိုလိုတာမဟုတ်ပါဘူး။ ဒါပေမဲ့ အဲ့ဒီသတ်ဖြတ်မှုအတွက် ပုံစံပြား သို့မဟုတ် ဖော်မတ်ကို ကြိုတင်ချမှတ်ပြင်ဆင်ခဲ့တာလို့ ဆိုရပါမယ်။ “ပြစ်ဒဏ် အရင်ချ- နောက်မှ ထင်မြင်ချက်ပေး” လို့ လူးဝစ်ကာရိုးရဲ့ ဘုရင်မက ပြောခဲ့သလိုမျိုးပါ။ မင်နီယာပိုလစ်မှာတော့ ထင်မြင်ချက်ကို အရင်ပေး၊ ပြီးရင် အဆုံးစီရင်တော့လို့ ဆုံးဖြတ်ထားပုံပါပဲ။ ဂွတ်ဟာ အရာရှိတစ်ဦးကို သတ်ဖြတ်ဖို့ ကြိုးပမ်းတဲ့ ပြည်တွင်းအကြမ်းဖက်သမားလို့ ခေါ်ဆိုလိုက်ခြင်းဖြင့် ပရက်တီကို သတ်ဖြတ်ခွင့်ပြုလိုက်ပြီးသားဖြစ်နေခဲ့ပါတယ်။
ပရက်တီဟာ သေလို့ အလောင်းတောင် မအေးစက်သေးတဲ့အချိန်မှာပဲ ဒီလိုကြိုတင်ဖော်မတ်ချထားတဲ့ ဇာတ်ကြောင်းပြောထဲ ရောက်သွားခဲ့ပါပြီ။ ထရမ့်အစိုးရဲ့စကားအရ သူဟာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကျူးလွန်မယ့် လူသတ်သမားဖြစ်သွားခဲ့ပါတယ်။ သူ့ကို သတ်ဖြတ်ပြီး နာရီအနည်းငယ်အကြာမှာပဲ ထရမ့်ရဲ့ အဆင့်မြင့်အကြံပေး စတီဖင် မီလာက အိပ်စ်လူမှုမီဒီယာမှာ “လုပ်ကြံသူဖြစ်လာမယ့်သူဟာ ပြည်ထောင်စုတရားဥပဒေစိုးမိုးရေးကို သတ်ဖြတ်ဖို့ကြိုးစားခဲ့ပြီး ဒီမိုကရက်တွေကလည်း အကြမ်းဖက်သမားတွေဘက်က ရပ်တည်နေပါတယ်” လို့ ရေးသားခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက အမေရိကန်နယ်ခြားကင်းလှည့်ရေးတပ်ဖွဲ့ရဲ့ တပ်မှူး ဂရီဂေါ်ရီ ဘိုဗီနိုနဲ့ အမိမြေလုံခြုံရေးလက်ထောက်ဝန်ကြီး ထရီရှာ မက်လောက်လင်းတို့က ပရက်တီဟာ “ထိခိုက်မှုအကြီးဆုံးနဲ့ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့ကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ဖို့လုပ်ခဲ့ပါတယ်” လို့ ကြွေးကြော်ခဲ့ပါတယ်။ အမိမြေလုံခြုံရေးဝန်ကြီး ခရစ္စတီ နွမ်ဟာလည်း အလားတူစကားလုံးကိုသုံးနှုန်းခဲ့တာမို့ ထရမ့်အစိုးရအရာရှိတွေဟာ ဒီဇာတ်ကြောင်းပြောကို ရည်ရွယ်ချက်ရှိရှိနဲ့ သေချာဖန်တီးနေကြောင်း သံသယရှိဖို့မလိုတော့ပါဘူး။
ဂွတ်က ပေးနိုင်တဲ့ အန္တရာယ်နဲ့ပတ်သက်လို့ ထရမ့်အစိုးရရဲ့ အကြီးမားဆုံး လိမ်လည်မှုကတော့ ပိုမိုအပြစ်ကြီးပါတယ်။ ဂွတ်ဟာ”ပြည်တွင်းအကြမ်းဖက်မှု”လုပ်ဆောင်ဖို့ ကြိုးပမ်းခဲ့တာပါပဲ။ မီလာကတော့ အကြမ်းဖက်သမား ဆိုတာကို ဗဟုဝှစ်ပြုပြီး ပရက်တီကိုလည်း အဲ့ဒီထဲက အကြမ်းဖက်သမားတစ်ဦးလို့ ပြောခဲ့ပါတယ်။ (သူတို့တွေ ဦးရေဘယ်လောက်ရှိတယ်ဆိုတာကို မဖော်ပြတာမို့ တပ်ဖွဲ့လိုက်ကြီးကို ရှိနိုင်ပါတယ်။)ဂွတ်ဟာ အရာရှိတစ်ဦးကို သတ်ဖြတ်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ ပရက်တီကတော့ အစုလိုက်အပြုံလိုက်သတ်ဖြတ်ဖို့ စီစဉ်ခဲ့တာပါ။ မင်နီယာပိုလစ်မှာရှိတဲ့ အရာရှိတွေကိုသာမကဘဲ ထရမ့်အစိုးရရဲ့စကားအရ “တရားဥပဒေစိုးမိုးရေး”ကိုယ်တိုင်ကိုပါ ပစ်မှတ်ထားခဲ့တာပါ။ ထရမ့်ရဲ့ စက်ဆုတ်စရာကောင်းလောက်အောင် ဘာသာစကားကို ချဲ့ကားပြောဆိုမှု၊ အတိုက်အခံနိုင်ငံရေးသမားတွေကို မိစ္ဆာဇာတ်သွင်းမှုတွေဟာ အခုဆိုရင်ဖြင့် သူ့အစိုးရရဲ့ လမ်းမပေါ်ထက်က အစုအဝေးနဲ့အကြမ်းဖက်မှုခေါင်းစဉ်အောက်ကို ရောက်သွားခဲ့ပါပြီ။ အစိုးရတည်ရှိမှုကို ခြိမ်းခြောက်မှုမှန်သမျှကို ကမ္ဘာမြေကြီးက ပျောက်ကွယ်သွားအောင် ဖယ်ရှားတတ်တဲ့ အာဏာရှင်စနစ်နဲ့အုပ်ချုပ်တဲ့ နိုင်ငံတွေမှာ ကျင့်သုံးနေကျ လုပ်ရပ်ကို လုပ်ဆောင်လိုက်တာပဲဖြစ်ပါတယ်။
ဒီလိုမျိုးသတ်ဖြတ်မှုတွေဟာ အကြောင်းအရင်းကို သိရှိဖို့မဖြစ်နိုင်တာမို့ ကံမကောင်းအကြောင်းမလှတဲ့ လုပ်ရပ်လို့ အစိုးရကထုတ်ပြန်နေကျပုံစံမျိုးထဲကိုရောက်သွားတာပါ။ ယုံထင်ကြောင်ထင်ဖြစ်အောင် လုပ်ပြီး အစိုးရကထုတ်ပြန်တာကို လက်ခံချင်အောင်လုပ်တာဟာလည်း အာဏာအလုံးစုံချုပ်ကိုင်မှုရှိတယ်လို့ ကြွေးကြော်ပုံတစ်မျိုးပါပဲ။
အမေရိကန်မီဒီယာတွေဟာလည်း ငါတို့လည်း မတတ်နိုင်တော့ဘူး ဆိုပြီး ပခုံးတွန့်ပြပြီး အလျှော့ပေးတဲ့ အကျင့်ရှိနေပါတယ်။ ကျူးကျော်သိမ်းပိုက်တာကို ကျူးကျော်သိမ်းပိုက်တာ၊ မုသားကို မုသား၊ လူသတ်မှုကို လူသတ်မှုလို့ မခေါ်ရဲတဲ့ လူနပ်၊ လူလိမ္မာတွေလုပ်တတ်တဲ့ အကျင့်မျိုးပါ။ ပရက်တီ အသတ်ခံရပြီးနောက် ဂျမ် ဘာသိုလိုမြူးက ကိုလမ်ဘီယာဂျာနယ်လစ်ဇင်ရီဗျူးမှာ “ သတင်းမီဒီယာဟာ အစိုးရဲ့လိမ်ညာမှုတွေကို လိမ်ညာမှုတွေလို့ ပေါ်တင်မခေါ်ရဲသေးဘူး”လို့ ရေးသားခဲ့ပါတယ်။ ဒီလိုမျိုး ကြောက်တတ်မှုဟာ မီးလောင်ရာလေပင့်သလိုဖြစ်သွားစေပါတယ်။ မီးလောင်ပြာချမှုမဲ့သူတွေက အိမ်ဖြူတော်မှာ အငြိမ့်သားထိုင်နေပြီး အဲ့ဒီသူတွေရဲ့ ပစ်မှတ်ကတော့ ထရမ့်ရဲ့အဲ့ဒီလိုလုပ်နိုင်စွမ်းကို တရားရေး၊ အဖွဲ့အစည်းဆိုင်ရာ၊ နိုင်ငံရေး၊ နိုငငံသား၊ ကိုယ့်ကျင့်တရားပိုင်းအရ တားဆီးမယ့်သူတွေဖြစ်နေတဲ့အခါ(ငါလုပ်ချင်တာငါ လုပ်မှာ လို့ ထရမ့်က ပြောထားပြီးသားပါ) ဒီလိုဘာသာစကားအရ နှုတ်ဆိတ်နေမှုမှာ သေလောက်အောင် ကြီးမားတဲ့အကျိုးဆက်တွေရှိနေပါတယ်။
ပရက်တီကို သတ်ဖြတ်မှုနဲ့ပတ်သက်တာကို ရိုက်ကူးထားတဲ့ ဗီဒီယိုကို နယူးယောက်တိုင်းမ်က သေချာလေ့လာခဲ့ပေမဲ့ နယူးယောက်တိုင်းမ်ဟာ ကနဦးမှာ “နယူးယောက်တိုင်းမ်က လေ့လာခဲ့တဲ့ ဗီဒီယိုတွေဟာ ပြည်ထောင်စုအဆင့်အရာရှိတွေက ပစ်ခတ်မှုနဲ့ပတ်သက်လို့ ထုတ်ပြန်ချက်တွေနဲ့ ဆန့်ကျင်နေပုံရပါတယ်” လို့ ရေးသားခဲ့ပါတယ်။ ပုံရပါတယ် ဆိုပါလား။ နောက်ပိုင်းမှာတော့ နယူးယောက်တိုင်းမ်ဟာ “ ဗီဒီယိုတွေဟာ အစိုးရအရာရှိတွေ ဖြစ်ပျက်ပုံကို ဖော်ပြမှုနဲ့ ပြောင်ပြောင်ကြီး ကွဲပြားနေပါတယ်” လို့ ဖြေရှင်းရေးသားခဲ့ပါတယ်။ သတင်းစာရဲ့ဖော်ပြချက်အရဆိုရင် ထရမ့်အစိုးရဟာ အစိုးရအရာရှိရဲ့သတ်ဖြတ်မှုနဲ့ပတ်သက်လို့ အစိုးရအဖွဲ့ဟာ ပြောင်ပြောင်တင်းတင်းကို လိမ်ညာတာဖြစ်ပြီး သတင်းခေါင်းစဉ်တွေမှာလည်း အဲ့ဒီလိုမျိုးဖော်ပြခဲ့ဖို့သင့်ပါတယ်။
တစ်ချိန်ထဲမှာပဲ ဝေါစထရိဂျာနယ်သတင်းစာရဲ့ အယ်ဒီတာဘုတ်အဖွဲ့က ပရက်တီဟာ အသေပစ်သတ်ခံရဖို့မသင့်ပေမဲ့ “ပရက်တီဟာ အိုင်စီအီးတပ်ဖွဲ့ဝင်တွေရဲ့ လုပ်ဆောင်မှုကို ဝင်ရောက်စွက်ဖက်တဲ့ ဆိုးရွားတဲ့ အမှားကိုကျူးလွန်ခဲ့ပါတယ်” လို့ ရေးသားခဲ့ပါတယ်။ သူ့အမှားကတော့ “သူဟာ တပ်ဖွဲ့ဝင်တွေက ငရုတ်ရည်ဖြန်းခံထားရတဲ့ အမျိုသမီးကို ကူညီဖို့ ရူးရူးမိုက်မိုက် ကြိုးပမ်းခဲ့တာပဲဖြစ်ပါတယ်” တဲ့။ ဝေါစထရိဂျာနယ်သတင်းစာပါ ဆောင်းပါးရဲ့ နောက်ပိုင်းဖော်ပြချက်တွေအရဆိုရင် အမေရိကန်နိုင်ငံသားတစ်ဦးဟာ အကြောင်းမဲ့အသတ်ခံခဲ့ရပြီး ဒါနဲ့ပတ်သက်လို့ ထရမ့်အစိုးရဟာ လိမ်လည်နေပေမဲ့ ပရက်တီကို အရူးလို့ ပြောဆိုလိုက်ခြင်းကြောင့် အစိုးရရဲ့ လိမ်ညာမှုဆိုတဲ့ အချက်ဟာ ထိရောက်သင့်သလောက် မထိရောက်ဘဲရှိခဲ့ပါတယ်။ အာဏာရှင်နိုင်ငံတစ်နိုင်ငံမှာ မဟာခေါင်းဆောင်ကြီးရဲ့ ခါးပိုက်ဆောင်တပ်ဖွဲ့ရဲ့ ငရုတ်ရည်နဲ့ဖြန်းခံထားရတဲ့ အမျိုးသမီးတစ်ဦးကို အရူးတစ်ယောက်ကပဲ ဝင်ရောက်ကူညီမှာဖြစ်ပါတယ်။
ဝင်ရောက်စွက်ဖက်ခွင့်ဆိုတဲ့ နိုင်ငံသားတစ်ဦးရဲ့ တာဝန်ဟာ ဒီမိုကရေစီကို မျက်နှာမပျက်အောင်လုပ်ပေးနိုင်တဲ့ ဂုဏ်ရည်တစ်ခုပါ။ ဒီမိုကရက်တစ်လွတ်လပ်ခွင့်တွေကို သေနတ်တကားကားနဲ့ ဖယ်ရှားဖို့ကြိုးပမ်းနေတာကို တားဆီးပေး၊ ဖော်ပြပေးရမယ်ဆိုတဲ့ သတင်းစာပညာက လုပ်ဆောင်ရမယ့်တာဝန်ကို ဂွတ်၊ ပရက်တီနဲ့ နိုင်ငံသားထောင်ပေါင်းများစွာက လုပ်ဆောင်နေတာပဲဖြစ်ပါတယ်။ ဂွတ်၊ ပရက်တီတို့လို့ နိုင်ငံသားတွေဟာ မြေပြင်မှာ တကယ်ဖြစ်ပျက်နေတာကို အာရုံစိုက်၊ မှတ်တမ်းတင်နေတာပဲဖြစ်ပါတယ်။ ပရက်တီလက်ထဲက ဖုန်းဟာ အသားကျအောင်လုပ်ခြင်းဆိုတဲ့ မူးယစ်ဆေးဝါးကို လက်မခံတဲ့ နိုင်ငံသားတွေရဲ့ စိတ်ဆုံးဖြတ်ချက်နဲ့ ဆက်စပ်နေပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တာကို လွန်လွန်မင်းမင်း အင်အားသုံးအကြမ်းဖက်မှုနဲ့ပတ်သက်လို့ အစိုးရဲ့ မုသားကို ဖော်ထုတ်တဲ့ ဗီဒီယိုတွေဟာ သတင်းသမားတွေ တန်ဖိုးထားတဲ့ အမှန်တရားကို မှတ်တမ်းတင်ရဲတဲ့ သတ္တိနဲ့ စိန်ခေါ်မှုကိုပြလိုက်တာပဲဖြစ်ပါတယ်။
ဗီဒီယိုတွေက ပြသလိုက်တဲ့ စိန်ခေါ်မှုကတော့ ဘယ်လိုမှ ဖုံးကွယ်ထားလို့မရတဲ့ အထောက်အထားကို ဖော်ပြလိုက်တာပဲဖြစ်ပါတယ်။ အစိုးရက ခွင့်ပြုထားတဲ့ သတ်ဖြတ်မှုနဲ့ အစိုးရရဲ့ စနစ်တကျလိမ်လည်မှုတို့ပါပဲ။ သတ္တိရှိရှိနဲ့ စုဆောင်းထားတဲ့ အဲ့ဒီသက်သေအထောက်အထားတွေဟာ ထရမ့်အစိုးရရဲ့ လုပ်ရပ်တွေကို မတားဆီးနိုင်ဘူးဆိုရင် ထရမ့်ဟာ အများပြည်သူရဲ့ မကျေနပ်ချက်ကို ယာယီအလျှော့ပေးတဲ့အနေနဲ့ လုပ်ဆောင်မှုတွေ(ပရက်တီအပေါ် နာမည်ဖျက်မှုတွေကို နည်းနည်းလျှော့ချလိုက်တာ၊ ဘုနီဗိုကို မင်နီယာပိုလစ်ကနေ ဖယ်ရှားတာ၊ ပရက်တီကို ပစ်ခတ်ခဲ့တဲ့ အရာရှိနှစ်ဦးကို တာဝန်ကနေ ခေတ္တခွင့်ပေးလိုက်တာ) ဟာ ထိုးမယ့်ဆင် ခြေတစ်လှမ်းဆုတ်တာပဲဖြစ်သွားပါလိမ့်မယ်။ နောက်တစ်လှမ်းတိုးရင်တော့ အမေရိကန်ပြည်သူတွေကို စစ်အုပ်ချုပ်ရေးနဲ့ အသားကျအောင် လုပ်ဆောင်တာပဲရှိပါတော့တယ်။ အမေရိကန်ပြည်သူတွေ၊ အမေရိကန်ပြည်ထောင်စုတို့ အညံ့ခံရမယ့် အခြေအနေရဲ့ နာမည်ကိုတော့ ဥရောပရဲ့သမိုင်းစာအုပ်တွေမှာ ရေးသားဖော်ပြပြီးတာ ကြာခဲ့ပါပြီ။
The Crime of Witness - Fintan O’Toole(The New York Review of Books, Vol LXXIII No.03, Feb 26,2026) ကို ရဲလွင်အောင် ဘာသာပြန်ဆိုပါတယ်။