17/03/2026
သုတေသနဆောင်းပါးတွေကို ဘယ်လိုဖတ်မလဲ
သုတေသနလောကသို့ ခြေလှမ်းစတင်သူများအတွက်ဖြစ်စေ၊ အတွေ့အကြုံရှိပြီးသူများအတွက်ဖြစ်စေ သုတေသနစာတမ်း (Research Paper) တစ်စောင်ကို အစအဆုံး အသေးစိတ်ဖတ်ရှုရန် ကြိုးပမ်းခြင်းသည် အချိန်ကုန်လူပန်းစေသည့်အပြင် အဓိကဆိုလိုရင်းကို ပျောက်ဆုံးသွားစေတတ်ပါသည်။ အမှန်တကယ်တွင် သုတေသနစာတမ်းဖတ်ခြင်းသည် စာအုပ်တစ်အုပ်ကို အစမှအဆုံး ဖတ်ရှုခြင်းနှင့်မတူဘဲ မိမိလိုအပ်သော အချက်အလက်များကို ဗျူဟာမြောက် ရှာဖွေဖော်ထုတ်ခြင်းသာ ဖြစ်သည်။ ဤလမ်းညွှန်တွင် သုတေသနစာတမ်းများကို အချိန်တိုအတွင်း ထိရောက်စွာ ဖတ်ရှုနိုင်စေရန်၊ စာတမ်း၏ အနှစ်သာရကို အမိအရဖမ်းဆုပ်နိုင်စေရန်နှင့် ဝေဖန်ပိုင်းခြားနိုင်သော အမြင်ဖြင့် မည်သို့လေ့လာရမည်ဆိုသည့် လက်တွေ့ကျသော နည်းလမ်းများကို အောက်ပါအတိုင်း ခြုံငုံ၍ တင်ပြသွားမည် ဖြစ်ပါသည်။
◾ ၁။ အနှစ်ချုပ်၊ နိဒါန်းနှင့် နိဂုံးကို အကြမ်းဖျင်းဖတ်ပါ (Skim the Abstract, Intro, and Conclusion)
စာတမ်းရဲ့ အဓိကဆိုလိုရင်းနဲ့ တွေ့ရှိချက်တွေကို သိရှိနိုင်ဖို့ အနှစ်ချုပ် (Abstract)၊ နိဒါန်း (Introduction) နဲ့ နိဂုံး (Conclusion) တို့ကို ခပ်သွက်သွက် အရင်ဖတ်ပါ။ ဒီလိုဖတ်လိုက်ခြင်းအားဖြင့် စာရေးသူ ဘာကိုဆိုလိုချင်တာလဲ၊ ဘယ်လိုယူဆချက်တွေပါနေလဲ၊ ဘာတွေကောက်ချက်ချထားလဲဆိုတာကို သိရှိသွားမှာဖြစ်ပြီး နောက်ပိုင်းအသေးစိတ်ဖတ်တဲ့အခါ ပိုမိုနားလည်လွယ်စေမယ့် ခြုံငုံမိစေမယ့် ပုံရိပ်တစ်ခုကို ရရှိစေမှာပါ။
စာတမ်းအနှစ်ချုပ်ဖတ်နည်း
~~~~~~~~~~~~~~~~~~
Abstract ဆိုတာ စာတမ်းတစ်ခုလုံးရဲ့ နောက်ခံ၊ သုံးထားတဲ့ နည်းလမ်း၊ ရလဒ်နဲ့ နိဂုံးတို့ကို စာမျက်နှာဝက်လောက်နဲ့ "အနှစ်ချုပ်" ပြထားတဲ့ အပိုင်းပါ။ ဒါကို ဖတ်ရတဲ့ အဓိက အကြောင်းရင်းကတော့ "အချိန်ကုန် သက်သာဖို့" ပါပဲ။ ခေါင်းစဉ်ကြည့်ရုံနဲ့ အသုံးဝင်မယ် ထင်ရပေမဲ့ တကယ်တမ်း ဖတ်ကြည့်တဲ့အခါ ကိုယ်နဲ့ မဆိုင်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် စာတမ်းတစ်စောင်လုံးကို အစဆုံး မဖတ်ခင် Abstract ကို အရင်ဖတ်ပြီး စစ်ထုတ်ရမှာ ဖြစ်ပါတယ်။
Abstract ဖတ်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးပါ -
ဒီစာတမ်းက ငါလေ့လာနေတဲ့ ပြဿနာနဲ့ တကယ်ပဲ ဆက်စပ်သလား?
သူတို့ ဘာအကြောင်းကို ရေးတာလဲ၊ ဘာကြောင့် ရေးတာလဲ?
စာရေးသူ သက်သေပြချင်တဲ့ အဓိက အယူအဆ (Thesis) က ဘာလဲ?
ဒီသုတေသနရဲ့ အဓိက တွေ့ရှိချက် က ဘာလဲ?
နောက်ထပ် အချက်အလက်တွေ ထပ်ရှာတဲ့အခါမှာ ပိုပြီး တိကျအောင် (Narrow) ဒါမှမဟုတ် ပိုပြီး ကျယ်ပြန့်အောင် (Broaden) လုပ်ဖို့အတွက် ဒီစာတမ်းထဲမှာ ဘယ်လို ဝေါဟာရအသစ်တွေ (Key terms) ပါဝင်နေသလဲ?
နိဒါန်းမိတ်ဆက်ဖတ်နည်း
~~~~~~~~~~~~~~~~
Abstract ကို ဖတ်လို့ အဆင်ပြေပြီဆိုရင် နိဒါန်းရဲ့ ပထမဆုံး စာပိုဒ်အနည်းငယ် ဒါမှမဟုတ် နောက်ဆုံးစာပိုဒ်ကို အာရုံစိုက်ပါ။ အဲဒီနေရာတွေမှာ စာရေးသူက ဘယ်ပြဿနာကို အဖြေရှာချင်တာလဲဆိုတာကို ရေးထားလေ့ရှိပါတယ်။ ဒီအပိုင်းမှာ သုတေသနရဲ့ အဓိက တင်ပြချက် (Main Argument) နဲ့ သီအိုရီဆိုင်ရာ အခြေခံမူ (Theoretical Framework) တွေကို ရှာဖွေရမှာဖြစ်ပြီး နိဒါန်းရဲ့ နောက်ဆုံးစာပိုဒ်တွေမှာတော့ စာရေးသူက ဘာတွေကို ပြီးမြောက်အောင် လုပ်ဆောင်မှာလဲဆိုတာကို ဖော်ပြထားပါတယ်။
Introduction ကို ဖတ်တဲ့အခါ ဒီမေးခွန်းတွေကို စဉ်းစားပါ -
ဒီလေ့လာမှုက ဘာကို မှန်ကန်ကြောင်း (ဒါမှမဟုတ်) မှားယွင်းကြောင်း သက်သေပြဖို့ ကြိုးစားနေတာလဲ?
စာရေးသူက ဘာကို စမ်းသပ်ချင်တာလဲ၊ ဒါမှမဟုတ် ဘာကို သရုပ်ပြချင်တာလဲ?
ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ငါတို့ ဘာတွေ သိပြီးသားလဲ၊ ဒီစာတမ်းက ဘယ်လို ကွက်လပ်တွေကို ဖြည့်ဆည်းပေးမှာလဲ? (Gaps in knowledge)
သူတို့ လေ့လာနေတဲ့ အကြောင်းအရာက ငါ့အတွက် ဘာကြောင့် အရေးကြီးတာလဲ?
ဒီစာတမ်းက ငါ့ရဲ့ သုတေသနအတွက် အချက်အလက်အသစ်တွေ ပေးနိုင်မှာ သေချာလား?
နိဂုံးဖတ်နည်း
~~~~~~~~
နိဂုံးပိုင်းတွင် သုတေသန၏ အဓိကတွေ့ရှိချက်များနှင့် ၎င်းတို့၏ အရေးပါပုံကို အလေးပေး ဖော်ပြလေ့ရှိသဖြင့် ယင်းကို ဖတ်ရှုခြင်းအားဖြင့် အနှစ်ချုပ်မှတစ်ဆင့် သင်ရရှိထားသော အချက်အလက်များ မှန်ကန်မှု ရှိ၊ မရှိကို စစ်ဆေးနိုင်ပါသည်။ ထို့အပြင် သုတေသီများအနေဖြင့် မည်သည့်အချက်များကို မဖော်ထုတ်နိုင်ခဲ့ကြောင်း၊ ၎င်းတို့လေ့လာမှု၏ အားနည်းချက်နှင့် အကန့်အသတ်များကိုပါ ပွင့်လင်းစွာ ဆွေးနွေးလေ့ရှိပြီး နောင်တွင် ထပ်မံလုပ်ဆောင်သင့်သည့် သုတေသနများအတွက် အဖိုးတန်သော အကြံပြုချက်များကိုပါ တစ်ပါတည်း တင်ပြထားလေ့ရှိပါသည်။
◾ ၂။ စာတမ်းတစ်ခုလုံးရဲ့ တည်ဆောက်ပုံကို ဖြန့်ကျက်ပြီးဖတ်ပါ။ (Scan the whole text structure)
ခေါင်းစဉ်ကြီးတွေ၊ ခေါင်းစဉ်ခွဲတွေကို (titles, headings, sub-headings ) အမြန်ဖတ်ရှု့ခြင်းဖြင့် စာတမ်းရဲ့ အဓိကအကြောင်းအရာနဲ့ စုဖွဲ့ထားပုံကို နားလည်စေပါတယ်။ ဒါမှသာ ဘယ်အခန်းမှာ ဘယ်လိုအချက်အလက်တွေ ပါမလဲဆိုတာ ကြိုတင်မှန်းဆနိုင်မှာဖြစ်သလို မိမိသိချင်တဲ့ အချက်အလက် (ဥပမာ - သုတေသနရည်ရွယ်ချက်၊ သုတေသနရလဒ်များ) ကိုလည်း လွယ်လွယ်ကူကူ ရှာဖွေနိုင်မှာပါ။
◾ ၃။ ဇယားများ၊ ဂရပ်ဖစ်ပုံစံများ၊ မြေပုံညွှန်းများ နဲ့ စာလုံးအမည်းဖြင့်ဖော်ပြထားသော အသုံးအနှုန်းများကို ဖတ်ပါ။
တခါတရံ ဇယားတစ်ခု ဒါမှမဟုတ် ဂရပ်တစ်ခုကို ကြည့်လိုက်ရုံနဲ့ စာမျက်နှာအများကြီး ဖတ်စရာမလိုဘဲ သုတေသနရဲ့ အနှစ်သာရ နဲ့ ရလဒ် တွေကို တစ်ထိုင်တည်းနဲ့ မြင်သာထင်သာ ရှိစေနိုင်ပါတယ်။
◾ ၄။ သုတေသနစာတမ်းတွေမှာ အသုံးများတဲ့ စကားစုတွေနဲ့ ဝေါဟာရတွေကို အာရုံစိုက်ပါ။
ပညာရပ်ဆိုင်ရာ စာတမ်းတွေမှာ ထပ်ခါတလဲလဲ သုံးနှုန်းလေ့ရှိတဲ့ စကားစုတွေနဲ့ ဝေါဟာရတွေကို ကျွမ်းကျင်ထားခြင်းက ကိုယ်လိုချင်တဲ့ အချက်အလက်တွေကို အချိန်တိုအတွင်း ထိုးထွင်းသိမြင်စေဖို့ ကူညီပေးပါတယ်။ (ဥပမာ - သုတေသနရဲ့ ရည်ရွယ်ချက်၊ မေးခွန်းနဲ့ ရလဒ်တွေဟာ ဘယ်နေရာမှာ ရှိနေမလဲဆိုတာကို ချက်ချင်း သိနိုင်မှာပါ)။
အသုံးများတဲ့ ဝေါဟာရနဲ့ စကားစု နမူနာအချို့ကို ဖော်ပြပေးလိုက်ပါတယ်။
စာရေးသူက ဒီစာတမ်းကို ဘာကြောင့် ရေးတာလဲဆိုတဲ့ သုတေသနရဲ့ ရည်ရွယ်ချက် (Research Aims & Objective) သိချင်ရင် ဒီစကားစုတွေကို ရှာပါ။
The aim of this work/study is to...
Our research/study aims at...
The main objective/purpose is to...
In this paper, we will investigate...
ဒီစကားစုတွေကို သိထားရင် စာတမ်းတစ်ခုလုံးကို အစအဆုံး ဖတ်နေစရာမလိုဘဲ အရေးကြီးတဲ့ အချက်အလက်တွေရှိရာကို ဖြတ်လမ်းကနေ တိုက်ရိုက်သွားနိုင်မှာ ဖြစ်ပါတယ်။
ဘယ်အချက်တွေက် သုတေသနပြဿနာ (Problem Statement) ဆိုတာ သိရဖို့ ဒီလိုစကားစုတွေကို ရှာပါ။
This seems to be a problem in...
One issue with...is that...
An emerging challenge in this area is that...
Problem Statement ကို နားလည်သွားရင် စာတမ်းရှင် ဘယ်အချက်ကို ကွက်လပ်ဖြည့် ဖို့ ကြိုးစားနေတာလဲဆိုတာကို ချက်ချင်း သဘောပေါက်သွားမှာပါ။ ဒါဟာ သုတေသနရဲ့ အသက် ပဲ ဖြစ်ပါတယ်။
သုတေသန ကွက်လပ်တွေ (Gaps in the literature) ကို သိရဖို့ ဒီလိုစကားစုမျိုးတွေကို သတိပြုပါ။
There is limited research discussing...
Little is known about...
As far as we know, few studies have investigated..
ဒီစကားစုတွေကို တွေ့ပြီဆိုရင် စာရေးသူက သူ့ရဲ့ သုတေသနက ဘယ်လို ကွက်လပ်ကို ဖြည့်ဆည်းပေးမှာလဲ ဆိုတာကို စတင်ပြောဆိုတော့မှာ ဖြစ်ပါတယ်။ ဒါကို သိထားခြင်းအားဖြင့် စာတမ်းရဲ့ ထူးခြားချက် ကို သင် ချက်ချင်း ဖမ်းဆုပ်နိုင်မှာပါ။
သုတေသနတွေ့ရှိချက် (Research Findings) တွေ၊ သုံးသပ်ချက်/ဆွေးနွေးချက် (Interpretation/Discussion)တွေ၊ ကန့်သတ်ချက် (Limitations)တွေကို သိရဖို့ ဒီလိုစကားစုတွေကို ဂရုပြုပါ။
Research Findings အတွက် -
We found that...
Our research indicated that...
Based on the analysis, it is clear that...
တွေ့ရှိချက်အပေါ် သုံးသပ်/ဆွေးနွေးခြင်းအတွက် (Interpretation/Discussion) –
The findings suggest that...
A reasonable explanation of this result is that...
It may imply that..
ကန့်သတ်ချက် (Limitations) အတွက် -
Because of the lack of...,
we did not/could not...
One limitation of this study is that...
အဲ့လို အကဲဒမစ်ပညာရပ်ဆိုင်ရာဝေါဟာရတွေကို အောက်က link မှာကြည့်ပါ။
https://www.phrasebank.manchester.ac.uk/
https://www.ref-n-write.com/blog/how-to-write-a-research-paper-academic-phrasebank-vocabulary/
◾ ၅။ စာဖတ်ရင်း ဦးဏှောက်ကို အဆက်မပြတ် အလုပ်ပေးပြီး မေးခွန်းထုတ်ပါ။
သုတေသနမှာ စာဖတ်တယ်ဆိုတာ အပျော်တမ်းဖတ်နေတာ မဟုတ်ပါ။ ဒီအချက်က အရေးကြီးပါတယ်။ ဒီအချက်က ဝေဖန်ပိုင်းခြားနိုင်စွမ်းကို မြှင့်တင်ပေးသလို၊ စူးစမ်းလိုစိတ်ကို နှိုးဆွပေးပြီး မရှင်းလင်းတဲ့ အချက်တွေကိုလည်း ပိုမိုပြတ်သားစွာ မြင်စေပါတယ်။ နောက်ပြီး သုတေသနဆောင်းပါး ဖတ်တယ်ဆိုတာ စာရေးသူရဲ့ ကောက်ချက်ကို ဒီအတိုင်း လက်ခံဖို့ မဟုတ်ပါဘူး။ စာရေးသူ တင်ပြထားတဲ့ အချက်အလက် (Raw Data) ကို ကိုယ်တိုင် ပြန်လည် ဆန်းစစ်ကြည့်ဖို့ ဖြစ်ပါတယ်။ ဒါမှသာ စာရေးသူရဲ့ ကောက်ချက်မှာ လိုအပ်ချက် ရှိ၊ မရှိ ဒါမှမဟုတ် တခြား ရှုထောင့်ကနေ မြင်နိုင်တာ ရှိ၊ မရှိကို သိနိုင်မှာ ဖြစ်ပါတယ်။
စာဖတ်နေရင်း အောက်ပါမေးခွန်းတွေမေးပြီး ဦးဏှောက် အလုပ်လုပ်နေပါ။
(က) ဒီစာတမ်းက ကိုယ်ရေးနေတဲ့ အကြောင်းအရာနဲ့ ဘယ်လိုချိတ်ဆက်နေလဲ။
(ခ) စာရေးသူရဲ့ အဓိက တင်ပြချက် (Main Argument) က ဘာလဲ။
(ဂ) ကိုယ့်ကျမ်းအတွက် စိတ်ဝင်စားစရာကောင်းတဲ့ အချက်တွေ ဒါမှမဟုတ် ကိုးကားချက်တွေ ပါသလား?
(ဃ) စာရေးသူရဲ့ အယူအဆကို သဘောတူရဲ့လား? ဘာကြောင့် သဘောတူတာလဲ၊ ဘာကြောင့် သဘောမတူတာလဲ။
(င) တွေ့ရှိချက်တွေက ဘာတွေလဲ။
(စ) ကိုယ့်စာတမ်းမှာ ဘယ်အချက်တွေကို သုံးလို့ရလဲဆိုတာအပြင် ဒီအချက်က ငါပြောချင်တဲ့အချက်ကို ပိုခိုင်မာစေသလား၊ ဒါမှမဟုတ် ငါနဲ့ အမြင်ကွဲလွဲနေသလား။ (အမြင်ကွဲလွဲတာကို ထည့်ရေးခြင်းကလည်း ဝေဖန်ပိုင်းခြားမှုကို အားကောင်းစေပါတယ်)။
(ဆ) ကိုယ့်ကျမ်းမှာ ထည့်သုံးလို့ရတဲ့ အချက်ကိုတွေရင် အဓိက ကိုးကားချက်အနေနဲ့ သုံးမှာလား၊ ဒါမှမဟုတ် နောက်ခံသမိုင်းကြောင်း အချက်အလက်အနေနဲ့ပဲ သုံးမှာလား။
(ဇ) စာရေးသူက ဘယ်ပြဿနာကို အဖြေရှာဖို့ ကြိုးစားနေတာလဲ။
(ဈ) ဘယ်လိုအထောက်ထားတွေကို သုံးထားလဲ။ ပါဠိတော်လား၊ အဋ္ဌကထာလား၊ ကျောက်စာလား၊ သမိုင်းမှတ်တမ်းလား။
(ည) ရလဒ်တွေကို တင်ပြရာမှာ အရှိကိုအရှိအတိုင်း (Factual) နဲ့ ဘက်မလိုက်ဘဲ (Unbiased) ဓမ္မဓိဋ္ဌာန်ကျကျ ဖော်ပြထားတာ သေချာရဲ့လား?
(ဋ) စာရေးသူက ဘယ်တွေ့ရှိချက်တွေကို အရေးအကြီးဆုံးအချက်အဖြစ် အသားပေး ဖော်ပြထားသလဲ?
() စာရေးသူဘက်က ထည့်သွင်းစဉ်းစားဖို့ ကျန်ခဲ့တဲ့ အချက်တွေ ဒါမှမဟုတ် တခြားရှုထောင့်တွေ ရှိသေးလား?
◾ ၆။ ဘာပဲဖတ်ဖတ် ဖတ်ပြီးတိုင်း မှတ်စုထုတ်ပါ။ မှတ်စုထုတ်ဖို့ မပျင်းပါနဲ့။
(က) ကိုယ်ပိုင်စကားလုံးဖြင့် ပြန်လည်အနှစ်ချုပ်ပါ (Paraphrase or Summarize)
စာတမ်းတစ်ပိုင်းဖတ်ပြီးတိုင်း ငါဘာဖတ်လိုက်တာလဲ ဆိုတာကို သူတစ်ပါးကို ပြန်ပြောပြသလိုမျိုး ကိုယ်ပိုင်စကားလုံးနဲ့ အနှစ်ချုပ်မှတ်သားပါ။
ကိုယ်ပိုင်စကားနဲ့ ပြန်ရေးလိုက်တဲ့အခါ စာသားတွေက ဦးနှောက်ထဲမှာ ပိုစွဲသွားပြီး အပေါ်ယံမှတ်မိတာမျိုး မဟုတ်ဘဲ အနှစ်သာရကိုပါ ပိုင်ပိုင်နိုင်နိုင် နားလည်သွားစေပါတယ်။ အစိပ်အပိုင်းလေးတွေအဖြစ် ဖတ်ခဲ့ရတဲ့ အယူအဆတွေဟာ တစ်ခုနဲ့တစ်ခု ဘယ်လိုဆက်စပ်နေလဲဆိုတဲ့ ပုံရိပ်အပြည့်အစုံ ကို မြင်သာသွားစေပါတယ်။ ဒီလိုလုပ်ထားရင် အတန်းထဲမှာဖြစ်စေ၊ အပြင်မှာဖြစ်စေ ပြန်လည်ဆွေးနွေးတဲ့အခါ သူများပြောတာကို နားထောင်နေရုံတင်မဟုတ်ဘဲ ကိုယ်တိုင်က နက်နက်ရှိုင်းရှိုင်းနဲ့ ယုံကြည်ချက်ရှိရှိ ပါဝင်ပြောဆိုနိုင်မှာ ဖြစ်ပါတယ်။
◾(ခ) ဖတ်ရင်းနဲ့ ပြန်တုံ့ပြန်ပါ (Respond to what you read)
စာကို ငြိမ်ပြီးဖတ်နေရုံတင် မဟုတ်ဘဲ စာရေးသူနဲ့ မျက်နှာချင်းဆိုင် စကားပြောနေသလိုမျိုး ကိုယ့်ရဲ့ အတွေးတွေကို ချရေးတဲ့ အလေ့အကျင့် လုပ်ပါ။
မေးခွန်းတွေ မေးပါ (Questions)။ ဖတ်နေရင်း "ဒါက ဘာလို့ ဒီလိုဖြစ်တာလဲ"၊ "သူပေးတဲ့ အထောက်အထားကကော ခိုင်လုံရဲ့လား" ဆိုပြီး ပေါ်လာတဲ့ မေးခွန်းတွေကို ဘေးမှာ မှတ်ထားပါ။ ဒါဟာ စာရေးသူရဲ့ အယူအဆကို ပိုပြီး နက်နက်နဲနဲ စူးစမ်းတာ ဖြစ်ပါတယ်။
ကိုယ့်အမြင်ကို ချရေးပါ (Comments)။ ဖတ်နေရင်း ကိုယ့်စိတ်ထဲမှာ ပေါ်လာတာတွေကို မှတ်သားပါ။ ငါအရင်က သိထားတာနဲ့တော့ တူတယ် (သို့မဟုတ်) ကွဲလွဲနေတယ်။ သူ့တင်ပြချက်ကတော့ တော်တော်လေး ကျိုးကြောင်းဆီလျော်တယ်။
◾ (ဂ) စာဖတ်နေရင်း တွေ့ရတဲ့ အရေးကြီးတဲ့ အဆိုအမိန့်တွေနဲ့ အချက်အလက်တွေကို နောက်ပိုင်းမှာ ပြန်သုံးလို့ရအောင် နည်းပညာသုံးပြီး စနစ်တကျ စုဆောင်းထားပါ။
အရေးကြီးတာတွေကို မှတ်သားပါ။ စာတမ်းထဲက ကောင်းတဲ့အချက်လက်တွေကို မင်နဲ့ခြယ်ထာတာမျိုး ဒါမှမဟုတ် သီးသန့် ကူးယူသိမ်းဆည်းတာမျိုး လုပ်ပါ။ ဒါမှသာ ရေးတဲ့အခါ ဒါမှမဟုတ် နောက်ထပ် သုတေသနလုပ်တဲ့အခါ ကိုယ်လိုအပ်တဲ့ ခိုင်လုံတဲ့ အထောက်အထား တွေကို လက်တစ်ကမ်းမှာ အဆင်သင့် ရှာတွေ့နိုင်မှာ ဖြစ်ပါတယ်။
ကိုးကားချက် (Citation) တွေကို အလိုအလျောက် စီမံပေးတဲ့ Software တွေ၊ Tool တွေကို သုံးပါ။ စာတမ်းတွေ ဘယ်လောက်ပဲ များများ၊ ဘယ်အချက်က ဘယ်စာတမ်းထဲကလဲဆိုတာကို ရှာရမခက်တော့ဘဲ အချိန်ကုန် သက်သာစေပါတယ်။
◾ ၇။ ကိုးကားစာရင်း References များကို ဖတ်ပြီး နောက်ထပ်လမ်းစများကို ရှာဖွေပါ။
ကိုးကားစာရင်းဆိုတာ စာရေးသူက ဒီသုတေသနကို လုပ်ဆောင်တဲ့အခါ အရင်က ဘယ်ပညာရှင်တွေရဲ့ အချက်အလက်နဲ့ သုတေသနတွေကို အသုံးပြုခဲ့သလဲဆိုတာကို မှတ်တမ်းတင်ထားတဲ့ စာရင်းဖြစ်ပါတယ်။ စာတမ်းကို ဖတ်ပြီးတဲ့နောက် ဒီစာရင်းကိုကြည့်ပြီး သင့်အတွက် နောက်ထပ်အသုံးဝင်မယ့် အရင်းအမြစ်တွေကို ရှာဖွေနိုင်သလို၊ စာရေးသူက သူ့ရဲ့သုတေသန ရည်ရွယ်ချက်အတွက် ဒီရင်းမြစ်တွေကို ဘယ်လိုအသုံးချသွားသလဲဆိုတာကိုပါ ဝေဖန်ဆန်းစစ်နိုင်ပါတယ်။
References ကို ကြည့်တဲ့အခါ ဒီမေးခွန်းတွေကို စဉ်းစားပါ -
ရှုထောင့်စုံရဲ့လား (Diversity)။ စာရေးသူ ကိုးကားထားတဲ့ စာရင်းတွေဟာ ဘာသာရပ်တစ်ခုတည်းကလား၊ ဒါမှမဟုတ် နယ်ပယ်အစုံ၊ ရှုထောင့်အစုံက ပညာရှင်တွေရဲ့ အမြင်တွေကို ထည့်သွင်းထားတာလား?
ငါ့ရဲ့ သုတေသနထဲမှာ ထည့်သွင်းအသုံးပြုလို့ရမယ့် ထူးခြားတဲ့ ဒါမှမဟုတ် စိတ်ဝင်စားဖို့ကောင်းတဲ့ အကိုးအကားတွေ ပါနေသလား?
ကိုယ့်လေ့လာနေတဲ့ နယ်ပယ်အတွက် ဩဇာရှိသော ပညာရှင်တွေ ဘယ်သူတွေပါလဲ။ ဒီနယ်ပယ်မှာ ဘယ်သူတွေက နာမည်ကြီးလဲ? ဘယ်သူ့ရဲ့ စာတမ်းတွေကို အများဆုံး ကိုးကားထားသလဲ၊ ဘယ်သူ့နာမည်က အကြိမ်ကြိမ် ပါနေသလဲ?)
ကိုးကားစာရင်းဟာ သင့်အတွက် သုတေသန ရတနာသိုက် ပါပဲ။ စာတမ်းကောင်းတစ်စောင်ကို တွေ့ပြီဆိုရင် အဲဒီစာတမ်းထဲက ကိုးကားစာရင်းဟာ သင့်အတွက် နောက်ထပ်ဖတ်စရာ စာတမ်းကောင်း အစောင် ၂၀၊ ၃၀ ကို လမ်းညွှန်ပေးပါလိမ့်မယ်။ ဒါဟာ သုတေသနနယ်ပယ်ထဲကို အချိန်တိုအတွင်း နက်နက်ရှိုင်းရှိုင်း ရောက်သွားစေမယ့် အကောင်းဆုံး ဖြတ်လမ်း ဖြစ်ပါတယ်။
◾ ၈။ လတ်တလောထွက်ရှိသော စာတမ်းများကို ဦးစားပေးဖတ်ပါ။ ၎င်းသည် ယခင်သုတေသနအားလုံးနီးပါးကို ကိုးကားဖော်ပြထားသဖြင့် ဘာသာရပ်၏ လက်ရှိအခြေအနေနှင့် လိုအပ်ချက် (Gaps) များကို တစ်ပါတည်း သိရှိနိုင်သည်။
◾ ၉။ အကိုးအကား အများဆုံးပြုခံရသော စာတမ်းများကို ဦးစားပေးဖတ်ပါ။
သင်၏ သုတေသနနယ်ပယ်အတွင်း စာပေများကို လေ့လာဖတ်ရှုနေစဉ် စာတမ်းတစ်ခုတည်းကိုပင် ထပ်ခါတလဲလဲ ကိုးကားထားသည်ကို တွေ့ရပါက ယင်းစာတမ်းသည် သြဇာသက်ရောက်မှု ကြီးမားသော စာတမ်းဖြစ်ကြောင်း ညွှန်ပြနေသည်။ ထိုကဲ့သို့ ကိုးကားမှုများပြားသော စာတမ်းကို အသေချာဖတ်ရှု့ရန်လိုသည်။
◾ အချုပ်အားဖြင့်ဆိုရသော် သုတေသနစာတမ်းများကို ထိရောက်စွာ ဖတ်ရှုနိုင်ခြင်းသည် ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုတစ်ခုထက် မိမိ၏ ဝေဖန်ပိုင်းခြားနိုင်စွမ်းနှင့် ဗျူဟာမြောက် စဉ်းစားတွေးခေါ်မှုကို မြှင့်တင်ပေးသည့် အနုပညာတစ်ခု ဖြစ်ပါသည်။ စာတမ်းတစ်စောင်ကို ဖတ်ရှုရာတွင် စာသားများကို ဒီအတိုင်း လက်ခံရန်မဟုတ်ဘဲ စဉ်ဆက်မပြတ် မေးခွန်းထုတ်ခြင်း၊ စနစ်တကျ မှတ်စုထုတ်ခြင်းနှင့် ရင်းမြစ်သစ်များကို ချိတ်ဆက်ရှာဖွေခြင်းဖြင့် သင်၏ သုတေသနနယ်ပယ်သည် ပိုမိုကျယ်ပြန့်လာမည် ဖြစ်သည်။ ဤလမ်းညွှန်တွင် ဖော်ပြထားသော နည်းလမ်းများကို လက်တွေ့အသုံးချခြင်းအားဖြင့် သင်သည် အချက်အလက်ပင်လယ်ထဲတွင် လမ်းမပျောက်တော့ဘဲ ခိုင်လုံသော အထောက်အထားများ၊ ဆန်းသစ်သော ရှုထောင့်များကို ပိုင်ပိုင်နိုင်နိုင် ဆုပ်ကိုင်နိုင်သည့် သုတေသီကောင်းတစ်ဦး ဖြစ်လာပေလိမ့်မည်။
ဦး၀ဏ္ဏသိရီ (ပုလော)