24/02/2023
အမိုးမလုံသော တိုင်းပြည်
မိုးတွေရွာနေသည်။ သည်းသည်းမည်းမည်းကို ရွာချနေသည်။ အမိုးလုံသူတို့ စိတ်ချလက်ချအိပ်နိုင်ကြသော်လည်း အမိုးမလုံသူတို့ဘဝတော့ ထိုသို့မဟုတ်။ ဟိုနားတိုးကပ် ဒီဘက်ကတော့ ခွက်ကလေး ရေဇလုံလေးချထား၊ ဒီလိုနဲ့ မိုးတွင်းကာလတစ်ခုကို ဖြတ်သန်းကြရသည်။
မိုးတွင်းကာလတစ်ခုရောက်တိုင်း အိမ်ခေါင်မိုး အမိုးမလုံခဲ့ရသော မိမိဘဝကို ပြန်ပြန်တွေးရင်း စိတ်အားငယ်မိသည်။ဟော...အခုတော့ ဘယ်လောက်မိုးရွာရွာ ပြည်သူ့ဝန်ထမ်းဘဝဆိုတော့ အမိုးလုံလုံနဲ့ တိုက်အိမ်ငယ်လေးမှာ ခိုလှုံခွင့်ရတာကို ကျေနပ်နေမိသည်။
ထိုကျေနပ်မှုသည် ဖေဖော်ဝါရီလ ၁ ရက်နေ့၊ ၂၀၂၁ ခုနှစ်မနက်ပိုင်းတွင် ကွယ်ပျောက်သွားခဲ့ရတော့သည်။ အရင်ကဆို ရုံးအဝတ်အစားကို ဝတ်၊ မနက် ၈နာရီ ၃၀မိနစ် ရုံးကို အရောက်သွား။ ဘဝဟာ သာသာယာယာပါပဲ။ ဖေ့ဘုတ်ကိုလည်း ညကတည်းကဖွင့်မကြည့်ဖြစ်ခဲ့တော့ ဘာဆိုဘာတစ်ခုမျှပင် မသိခဲ့။
ရုံးရောက်ခါစပင်ရှိသေး အသိရုံးဝန်ထမ်းအကိုက ညီလေး မင်းသိပြီးပြီလားဆိုတော့ ကိုယ်ကကြောင်အမ်းအမ်းနဲ့။ ဘာလဲ ဘာလဲမေးခါရှိသေး သူ တရစပ်ပြောလိုက်သည်မှာ "ဒီနေ့မနက်အစောပိုင်းက အမေစုတို့တစ်ဖွဲ့လုံး စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းလိုက်တယ်".....။
လူကို ထူပူသွားသည်။ သွားပါပြီကွာ 'တောက်' တခေါက်ခေါက် တစ်နေ့လုံးရုံးမှာ ဘယ်လိုမှ မပျော်တော့။ ခေါင်မိုးလုံလုံနှင့် မနေခဲ့ရ၍ ခေါင်မိုးလုံလုံနှင့် နေနေရသော ကိုယ်ရွေးချယ်ထားသော အစိုးရတစ်ရပ်ကို လက်လွတ်စပယ် မတရားဖမ်းဆီးထိန်းသိမ်းလိုက်သည့်ကိစ္စရပ်သည် မိမိတို့ပြည်သူတွေအပေါ် အမိုးမလုံသောအိမ်မှာ နေရသကဲ့သို့ ဖြစ်သွားတော့သည်။
ဒီလိုနဲ့ နှစ်ရက် သုံးရက်နေရင် ပြန်လွှတ်မှာပဲဆိုပြီး တစ်တိုင်းပြည်လုံး ငြိမ်သက်တိတ်ဆိတ်။ နောက်တော့ လမ်းမပေါ်ထွက်။ တစ်တိုင်းပြည်လုံးနီးပါး ဆန္ဒတွေပြ၊ မရ၊ နောက်ရက်တွေမှာတော့ ပြည်သူတွေရဲ့ ဦးခေါင်းကို သေချာချိန်ပစ်.....။
အမိုးမလုံဘဲနေခဲ့ရသော ကျွန်တော်သည် အမိုးမလုံသော စစ်ကောင်စီ၏လုပ်ရပ်ကို နားလည်လာခဲ့ရတယ်။ ဒီလိုနဲ့ လက်သုံးချောင်ထောင် ဓါတ်ပုံရိုက်တဲ့အထဲ မပါခဲ့သော်လည်း အများနည်းတူ ပြည်သူ့ဘက်ကို ခပ်မြန်မြန်ရပ်ခဲ့သည်။ အခုဆို ဘာလိုလိုနဲ့ ၂ နှစ်တောင် ကျော်လာခဲ့ပေါ့။ အမိုးမလုံတဲ့ ခံစားမှုက တစ်တိုင်းပြည်လုံးနီးပါး ခါးစည်းခံနေခဲ့ကြရပြီ။
ဘယ်လိုပင်အခက်ခဲတွေ ကြုံရသည်ဖြစ်စေ ပြည်သူအများတောင့်ခံထားကြသလို ကျွန်တော်တို့လို CDMဝန်ထမ်းအများစုကလည်း တိုင်းပြည်အမိုးလုံဖို့ ဆက်လက် တောင့်ခံထားကြဆဲပါပဲ။
မည်သို့ပစ်ဖြစ်စေကာမူ ဒီတစ်ညတော့ ငယ်ဘဝကို ပြန်ရောက်သွားသည်မှာ အသေအချာပဲဖြစ်သည်။ မိုးတွေရွာချနေလိုက်တာဟာ ပြည်သူတွေရဲ့ အပူတွေကို အေးစေဖို့များလားလို့တောင် ထင်မိတယ်။ ရွာသာရွာပါမိုးရယ်။ ကြိုက်သလောက်သာ ရွာပါ။ တစ်ချိန်မှာ ကိုယ့်နေအိမ်အမိုးလုံဖို့အတွက် တိုင်းပြည်အမိုးလုံဖို့အတွက် ဒီလောက်မိုးကတော့ စာမဖွဲ့တော့ပါဘူးလေ။ ပြောရင်းဆိုရင်း နောက်ထပ် နောက်ထပ် မိုးတွေရွာလာပြန်ပြီကော။
မျှော်လင့်ခြင်း မိုးတိမ်တွေသည်ပင်လော။ ပြည်သူ့ဘဝတွေရဲ့ မျက်ရည်တွေသည်ပင်လော။ မိုးသံတွေနဲအတူ ညတစ်ညဟာ လိပ်ပြာလုံစွာကုန်ဆုံးဖို့ ခြေဦးတည်ခဲ့ပါတော့သည်။
မယ်တင် (ဖက်တီးဘုတ်)
၁၇ -၂ -၂၀၂၃
အခုလို Clickers တွေကိုယ်တိုင်ရေး ကဗျာ၊ ဆောင်းပါး၊ ဝတ္ထုများ Click ရင်းဖတ်ပြီး အလွယ်ကူဆုံး အလှူတစ်ခုလုပ်မယ်ဆိုရင် C4K မှာရပါတယ်ခင်ဗျာ။
https://t.me/Click4kachin
https://youtube.com/
www.shingnip.com
https://www.facebook.com/Click4kachin?mibextid=ZbWKwL
Click4Kachin is an online fundraising program for internally displaced peoples (IDPs) in Kachin state and all regions in Myanmar. All are cordially invited to participate in this program. Thanks for your support 🙏Shingnip.com YouTube channel > Shanan101