30/03/2025
ဝမ်းနည်းမှုဖြင့် အသိပေး အကြောင်းကြားခြင်း
အောက်ပါ အကြောင်းအရာကို လေးစားရပါသည့် Símbolo မှ ဆရာ/ဆရာမများ ၊ ကျောင်းသူ/သားများ ထံသို့ Símbolo ၏ ကျန်ရှိ ဝန်ထမ်းများမှ ဝမ်းနည်းမှုဖြင့် အသိပေး အကြောင်းကြားလိုပါသည်။
(၂၈ ၊ မတ်လ ၊ ၂၀၂၅) (သောကြာနေ့) နေ့လယ်တွင် မိမိတို့အတူတကွ ကြုံတွေ့ခဲ့ရပါသော ပြင်းထန်မှုရှိသည့် ငလျင်ကြောင့် Simbolo ၏ တည်ထောင်သူ နှင့် Chief Executive Officer (CEO) ဖြစ်သော ဆရာဖြိုးသူထက်သည် ၎င်း၏ မိဘနှစ်ပါး ၊ ညီငယ်ဖြစ်သူ၊ Simbolo ၏ Head of Academic Department ဖြစ်သည့် ဆရာမအိသန္တာအောင် တို့နှင့်အတူ ၎င်း၏ မွေးနေ့ပွဲကျင်းပနေစဉ်တွင်ပင် အဆောက်အအုံပြိုကျ၍ ကွယ်လွန်ခဲ့ရပါသည်။
အထက်ပါ ကိစ္စများကြောင့် မိမိတို့အဖွဲ့ဝင်များသည် လွန်စွာစိတ်ထိခိုက်မှုဖြစ်ရသလို ၊ သက်ဆိုင်ရာ မိသားစုဆွေမျိုးများနှင့် ထပ်တူလည်း ဝမ်းနည်းရပါသည်။
သို့အတွက် မိမိတို့အဖွဲ့ဝင်များအနေဖြင့် ထိခိုက်မှုခံစားခဲ့ရသူများ နှင့် သက်ဆိုင်ရာ မိသားစုများအတွက် လိုအပ်မှုရှိသော ကိစ္စများတွင် မိမိတို့ဆောင်ရွက်နိုင်သည်များဖြင့် ကူညီကာဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝမ်းနည်းမှုဖြင့် အသိပေးလိုပါသည်။
Simbolo မှ သင်တန်းများ ၊ လုပ်ငန်းများ နှင့် ပတ်သက်၍မူ
မိမိတို့ ကျန်ရှိဝန်ထမ်းများမှ ဆရာဖြိုးသူထက် နှင့် Simbolo ၏ သက်ဆိုင်သော ပူးပေါင်းဆောင်ရွက်သင့်သူများနှင့် ပူးပေါင်းကာ လက်ရှိဆောင်ရွက်နေသော သင်တန်းများကို (အတန်းအပေါ်မူတည်၍) ယာယီရပ်ဆိုင်းထားကာ ကာလတခုအကြာတွင် မူလစီစဉ်ထားခဲ့သည့်အတန်းချိန်များအတိုင်း အတတ်နိုင်ဆုံး ပြည့်မှီစေရန် ကြိုးစားသွားမည်ဖြစ်ပါသည်။
အတန်းများ ပြန်လည်စတင်မည့်ရက်ကို Símbolo မှ အကြောင်းကြားပေးသွားမည်ဖြစ်ပါသည်။
ရုံး၏ ရေရှည်လည်ပတ်ရေး အတွက်မူလည်း ဆရာဖြိုးသူထက် နှင့် Simbolo ၏ သက်ဆိုင်သူအသီးသီး နှင့် ပူးပေါင်းကာ ဆုံးဖြတ်ချက်ရယူဆောင်ရွက်သွားမည်ဖြစ်သလို ၊ ကျွန်ုပ်တို့ ကျန်ရှိဝန်ထမ်းများ နှင့် သက်ဆိုင်သူများ ပူးပေါင်းဆောင်ရွက်သော ကိစ္စများတွင် Simbolo ၏ ဆရာ ၊ ဆရာမများ နှင့် ကျောင်းသူ ၊ ကျောင်းသားများ အတွက် မထိခိုက်စေရေးကိုလည်း ဆရာဖြိုးသူထက်၏ ကောင်းမွန်စွာဆောင်ရွက်ပေးလိုသော ထားရှိခဲ့သော ဆန္ဒနှင့် အညီ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
လက်ရှိ ဆရာဖြိုးသူထက် နှင့် ဆရာမအိသန္တာအောင်တို့ သင်ကြားနေသော အတန်းများကိုမူ ရပ်နားထားမည်ဖြစ်ကာ နောက်ဆက်တွဲကိစ္စများအတွက် မိမိတို့ ရုံးအဖွဲ့မှ သက်ဆိုင်သူ ကျောင်းသူ/သားများအား ထပ်မံ၍ ဆက်သွယ်ဆောင်ရွက်ပေးလိုပါသည်။
Simbolo မှ လေးစားရပါသည့် အခြား ဆရာ ၊ ဆရာမများ လက်ရှိ ဆောင်ရွက်နေသော General နှင့် One-on-One Class များကိုမူ “အတန်းတွင် သင်ကြားပါသော ဆရာ ၊ ဆရာမတို့၏ ဆောင်ရွက်နိုင်မှုအနေအထား နှင့် အဆိုပါအတန်းများမှ တက်ရောက်နေပါသော ကျောင်းသူ/သားတို့၏ တက်ရောက်နိုင်မှုအနေအထားများအပေါ်မူတည်ကာ” လိုအပ်မှုအတိုင်း မိမိတို့၏ ရုံးအဖွဲ့မှ ညှိနှိုင်း၍ အတန်းသင်ကြားမှုကို ဆောင်ရွက်သွားလိုပါကြောင်း လေးစားမှုဖြင့် အသိပေးလိုပါသည်။
မိမိတို့ရုံးအဖွဲ့ဝင်များမှ လေးစားရပါသည့် ဆရာ ၊ ဆရာမများ နှင့် ကျောင်းသူ/သားတို့၏ မေးမြန်းမှုများကိုလည်း အချိန်တခုအတွင်း အတတ်နိုင်ဆုံးပြန်လည်ဖြေကြားကာ ပူးပေါင်းဆောင်ရွက်သွားလိုပါသည်။
ငလျင်ဘေးတွင် ကွယ်လွန်ခဲ့ရပါသော ဆရာဖြိုးသူထက် ၊ ဆရာ၏ မိသားစုဝင်များ နှင့် အခြားအခြားသော ကွယ်လွန်ခဲ့ရသူအားလုံးအတွက် ကောင်းမွန်ရာဘုံဘဝသို့ ရောက်ရှိနိုင်ပါစေကြောင်း မိမိတို့ ရုံးအဖွဲ့သားများမှ ဆရာတို့၏ ကောင်းမှုများကို ပြန်လည်အမှတ်ရကာ ဆုတောင်းအပ်ပါသည်။
ဝမ်းနည်းမှုများဖြင့်
Simbolo ၏ ကျန်ရှိ ဝန်ထမ်းများ
၃၀ ၊ မတ်လ ၊ ၂၀၂၅