24/02/2024
ပါမောက္ခချုပ်ဆရာတော်ကြီး၏၈၁-နှစ်ပြည့် မွေးနေ့အမှတ်တရဩဝါဒ ကဓမ္မကထာ
'' ဗာလမဖြစ်ကြပါစေနဲ့ ''
🍀 လူ့ဘဝရောက်ခဲ့ပြီး
ဘေးရန်အန္တရာယ်တွေကို မျိုးစုံ
တွေ့ကြုံဖြတ်ကျော်လာခဲ့ပြီး
အသက် ၈၁-နှစ်အထိ ရောက်ရှိလာခဲ့ပြီ၊
မသေသေးလို့
သေလောက်အောင် မဖြစ်ခဲ့သေးလို့
(သို့သော်) သေလောက်တဲ့ ဘေးအန္တရာယ်တွေ
မကြုံဘူးလားဆို ကြုံဖူးတာပေါ့။
၆-နှစ်သားအရွယ်က ရေနစ်ခဲ့တာတို့၊
ဒုတိယကမ္ဘာစစ်အတွင်းက လက်နက်အကြွင်းအကျန် ဗုံးဆံကို
ဘာမှ မသိတတ်ခင်က
ဟိုဖြုတ် ဒီဖြုတ် ဖြုတ်လိုက်လို့
ဗုံးကွဲပြီး သေရမယ့်ဟာလည်း
လွတ်လာခဲ့တယ်ပေါ့၊
နောက်တော့ ကားအက်ဆီးဒင့် ဖြစ်တုန်း
ကလည်း မသေခဲ့ဘူးပေါ့၊
ပြန်ကြည့်လိုက်ရင် ဘဝတစ်ခု
ဖြတ်သန်းတဲ့အခါမှာ ဥပစ္ဆေဒကကံနဲ့
သေဖို့ အကြောင်းမပါဘူးဆိုရင် မသေဘဲနဲ့ လွတ်မြောက်လာတတ်တယ်။
အဲဒီလွတ်မြောက်ခြင်းဟာ
အကြောင်းမဲ့တော့ မဟုတ်ဘူး၊
#ကိုယ်ကသူများကိုမသတ်ခဲ့လို့ပဲဖြစ်တယ်။
အကယ်၍ ပါဏာတိပါတကံ ကြီးကြီး
မားမား လုပ်ခဲ့မယ်ဆိုရင် လွတ်မြောက်ဖို့ရာ အကြောင်း မရှိဘူး။
🍀 ဘုန်းဘုန်း ရန်ကုန်သွားတဲ့ ခရီးစဉ်
တစ်ခုမှာ လေကြောင်းကနေ ပျံသန်းတော့
ပျက်ကျမယ့် လေယာဉ်လက်မှတ်
ဝယ်ထားပြီးသား ဖြစ်တယ်၊
သို့သော်လည်း ကိုယ့်ဆန္ဒမပါဘဲနဲ့
Boarding ဖြတ်တဲ့ လူတွေကနေ
လေယာဉ်ပြောင်းပေးလိုက်တာ ကိုယ်တောင်
မသိလိုက်ဘူး၊ အဲဒီလေယာဉ်ဟာ ပျက်ကျတဲ့ လေယာဉ်ဖြစ်တယ်၊ ပျက်ကျမယ်ဆိုတာလည်း ကိုယ်မသိဘူး၊
နောက်တစ်စီးပေါ်မှာ တက်ထိုင်တဲ့အချိန်မှ
ဟိုက ပျက်ကျသွားတယ်၊ အဲဒီတုန်းကလည်း
သေဘေးလွတ်ခဲ့တယ်လို့ ပြောရမှာပေါ့။
အကယ်၍သာ အဲဒီအပေါ်မှာ
ပါသွားရင်တော့ တစ်ခုခုတော့ ဖြစ်မှာပေါ့၊
အဲဒီလို ဘဝခရီးကို ဖြတ်သန်းရတယ်ဆိုတာ အန္တရာယ်တွေနဲ့ပဲ ဖြတ်သန်းနေကြရတာ ဖြစ်တယ်။
အခက်အခဲ ဘေးရန်အန္တရာယ်တွေ မျိုးစုံ
ဘဝမှာ ကောင်းတာတွေလည်း ကြုံခဲ့ရတယ်၊
မကောင်းတာတွေလည်း ကြုံခဲ့ရတယ်၊
ဒီဘဝမှာ တော်တော်စုံတယ်လို့ ပြောရမယ်။
🍀 အင်္ဂလိပ်သက္ကရာဇ်နဲ့ဆိုရင်
၁၉၄၀-ပြည့်နှစ်ဟာ မြန်မာပြည်မှာတော့ ငြိမ်းချမ်းနေသေးတဲ့ အချိန်ပိုင်းလေးပေါ့၊ အင်္ဂလိပ် အုပ်ချုပ်နေတဲ့ အချိန်ပိုင်း
ကလေးပေါ့။
သို့သော် အဲဒီအချိန်မှာ ကမ္ဘာကြီးက
လှုပ်လှုပ် လှုပ်လှုပ် ဖြစ်လာပြီ၊
ဒုတိယကမ္ဘာစစ် ဖြစ်တော့မယ့်
အနေထားမျိုး ရောက်လာပြီ၊
ဗမာပြည်တော့ မရောက်သေးဘူး၊
၁၉၄၂-ခုနှစ်က စပြီးတော့ ဒုတိယကမ္ဘာစစ်
စပြီးတော့ဖြစ်တယ်၊ အဲဒီနောက်ပဲ ၄၃-ခုနှစ်လောက်ကျတော့ ဗမာပြည်ထဲမှာ ဂျပန်တွေ
ဝင်ရောက်လာပြီး ၃-နှစ်လောက်ထိ
တိုင်းပြည်ကလူထုတွေ ဒုက္ခရောက်ခဲ့
ကြရတယ်။ ဂျပန်ခေတ် မကြုံတဲ့သူတွေ
ကတော့ မသိဘူး၊ ကြုံတဲ့သူတွေက
တော်တော်များများ ဒုက္ခရောက်ခဲ့ကြတာ။
🍀ဂျပန်ခေတ် ပြီးသွားပြန်တဲ့အခါ
ကျတော့ ပြည်တွင်းသူပုန်နဲ့ လွတ်လပ်ရေး
ရဖို့ ကြိုးစားနေတဲ့အချိန် မြန်မာနိုင်ငံမှာ ဝန်ကြီးအဖွဲ့ တစ်ဖွဲ့လုံး အသတ်ခံရတယ်၊
ဗိုလ်ချုပ်အောင်ဆန်း တို့ ကျဆုံးတဲ့အချိန်က
အဲဒါ ဝန်ကြီးအဖွဲ့ပဲ၊ အစည်းအဝေးမပါတဲ့
ဦးနုတစ်ယောက်ပဲ လွတ်တယ်လို့ ဆိုတယ်၊
ကျန်တဲ့ဝန်ကြီးတွေအားလုံး ပစ်သတ်ခံ
ခဲ့ရတယ်။
🍀ဗမာပြည်က အဲဒီလိုကံကြမ္မာနဲ့ ပြည်သူပြည်သားများ အားလုံးဟာ
ဒုက္ခသုက္ခတွေကို ဖြတ်ကျော်လာခဲ့ရတာ
ကနေ့အထိ ရောက်လာပြီ ဆိုပါစို့။
ထို ဒုက္ခသုက္ခတွေဟာ သူတော်ကောင်း
ပုဂ္ဂိုလ်တွေကြောင့် ဖြစ်လာတာ မဟုတ်ဘူး၊ သူတော်ကောင်း မဟုတ်တဲ့ ပုဂ္ဂိုလ်တွေကြောင့် ဖြစ်လာတဲ့ ဒုက္ခသုက္ခတွေချည်းသာ ဖြစ်တယ်။
🇹🇩 မြတ်စွာဘုရား ဟောတဲ့အထဲမယ် -
'သဥပသဂ္ဂေါ #ဗာလော ၊
အနုပသဂ္ဂေါ #ပဏ္ဍိတော'
#ဗာလဆိုတဲ့ပုဂ္ဂိုလ် လုပ်လိုက်ရင်
ဒုက္ခရောက်ကြတာ၊
#ပဏ္ဍိတပုဂ္ဂိုလ်တွေ လုပ်ရင်
ချမ်းသာကြတာ။
အဲတော့ ကိုယ့်ရဲ့ ပြည်သူပြည်သားတွေ
ထဲမှာ ဗာလတွေ ပါနေရင် အဲဒီအသိုင်းဝိုင်း
ဟာ ဒုက္ခရောက်ကြတာပဲ၊
ဒီတော့ ကိုယ့်ကိုယ်ကို ဗာလမဖြစ်အောင်
လုပ်ကြရမှာ၊ သူများ ဗာလဖြစ်တာတော့
လည်း မတတ်နိုင်ဘူးပေါ့၊ ကိုယ့်ကိုယ်ကို
ဗာလစာရင်းထဲ မပါအောင် နေထိုင်ကြရမယ်။
🍀 #ဗာလ ဆိုတဲ့စကားလုံးမှာ ...
ဗာ-ဆိုတာ ၂-ဂဏန်းကို ဖော်ပြတာ၊
လ-ဆိုတာ ဖြစ်စေတတ်/ရယူတတ်တယ်၊ သို့မဟုတ် ဖျက်ဆီးတတ်တယ်ဆိုတဲ့ အဓိပ္ပါယ်။
၂-မျိုးကို ဖျက်ဆီးတတ်တယ်ဆိုတဲ့ အဓိပ္ပါယ်နဲ့ ပြောရရင်-
သူ့အကျိုး ကိုယ့်အကျိုး,
လောကအကျိုး သံသရာအကျိုး,
မျက်မှောက်ဘဝအကျိုး , သံသရာဘဝအကျိုး ၂-မျိုးလုံးကို ဖျက်ဆီးတတ်တဲ့ ပုဂ္ဂိုလ်ကို
ဗာလ လို့ ခေါ်တာ။
ဆိုလိုတာက ဗာလဆိုတဲ့ ပုဂ္ဂိုလ်တွေဟာ ကောင်းကျိုးမပေးဘူးဆိုတာပဲ၊
ဘယ်သူပဲဖြစ်ဖြစ် ကိုယ်ဖျက်ဆီးရင် ကိုယ်လဲ ဗာလ ပဲ။
🍀 နောက်တစ်ခုက ဘာကိုရည်ညွှန်းတုန်းဆို-
ကိုယ့်ရဲ့ဆိုးကျိုး , သူများရဲ့ဆိုးကျိုး၊
ဒီဘဝဆိုးကျိုး ,နောင်ဘဝဆိုကျိုး ၊
၂-မျိုးလုံးကို ရယူတတ်တယ်၊
#ဗာလ ဆိုတာ...
ကောင်းကျိုးမှန်သမျှ ဖျက်ဆီးပြီး
ဆိုးကျိုးမှန်သမျှ ရယူတတ်တယ်ဆိုတဲ့
အဓိပ္ပါယ်ကို ပြောတာ။
🍀နောက်တစ်နည်းကတော့
ဗာလဆိုတဲ့ ပုဂ္ဂိုလ်ဟာ ထွက်သက်ဝင်သက် အသက်ရှူရုံမျှပဲ အသက်ရှူနေတာ၊
ဘာအသိဉာဏ်မှ မရှိဘူး၊
အသိဉာဏ်မရှိလို့ လုပ်ချင်ရာ လုပ်တော့
ကိုယ်လည်း ဒုက္ခရောက်တယ်၊
သူများလည်း ဒုက္ခရောက်တယ်၊
ဒါကြောင့် မြတ်စွာဘုရားက မင်္ဂလသုတ်မှာ
'အသဝေနာ စ ဗာလာနံ ၊
ပဏ္ဍိတာနဉ္စ သေဝနာ' လို့ ဟောတာ
သိပ် အဓိပ္ပါယ် ရှိတယ်။
မင်္ဂလာရှိချင်ရင်...
#ဗာလနဲ့မပေါင်းနဲ့၊ #ပညာရှိနဲ့ပေါင်း၊
ဗာလနဲ့ပေါင်းရင် ကိုယ်တိုင် ဗာလ
မဖြစ်တောင်မှ သူ့ရဲ့ ဒုက္ခတွေ ခံရမယ်။
ပေါင်းတယ်ဆိုတာ ....
သူနဲ့ဆုံတွေ့ရင်လည်း ပေါင်းတာပဲ၊
#မြတ်စွာဘုရားကိုယ်တိုင်လည်း
ဒေဝဒတ်နဲ့ ဆုံတွေ့ ခဲ့လို့ ဒုက္ခပေးတာ
ခံရတယ်၊
#ရှင်မောဂ္ဂလာန်လည်း ဗာလရှိတဲ့ကမ္ဘာမှာ
လူဖြစ် တော့ အသတ်ခံရတယ်၊
ဗာလတွေရဲ့ ဒုက္ခပေးမှုဟာ ဘယ်သူမှ
မလွတ်ဘူး။
#အရှင်မဟာကဿပ ဆိုရင်လည်း
သူ့တပည့် ရဟန်းတစ်ပါးက သူများလုပ်တဲ့
အလုပ်ကို သူလုပ်ချင်ယောင်ဆောင်ပြီး
လိမ်လည် လှည့်ဖြားလို့ ဆုံးမဩဝါဒ
ပေးတာကို မထေရ်မြတ်မရှိတဲ့အချိန်
မထေရ်မြတ်နေတဲ့ တဲကျောင်းလေးကို
မီးရှို့၊ အိုးတွေရိုက်ခွဲပြီး ထွက်သွားကြတာ။
အရှင်မဟာကဿပဟာ ရဟန္တာကြီးပဲ၊
တပည့်ထဲက ဗာလပါလာသည့်အတွက်ကြောင့် ဒုက္ခပေးတာ ခံကြရတယ်ဆိုတာ
ကဿပတ္ထေရဝတ္ထုမှာ တွေ့ရတယ်။
🍀အဲဒါကြောင့် ဗာတွေနဲ့ မဆုံပါရစေနဲ့လို့
အကိတ္တိရသေ့ကြီးရဲ့ ဆုတောင်းဟာ တကယ် ကောင်းမွန်တယ်။
'ဗာလံ န ပဿေ န သုဏေ၊
န စ ဗာလေန သံဝသေ။
သူဆုတောင်းပုံကတော့ ...
ဗာလဆိုတဲ့ ပုဂ္ဂိုလ်တွေကို
မြင်လည်း မမြင်ပါရစေနဲ့၊
ဗာလဆိုသူတွေရဲ့
သတင်းလည်း မကြားပါရစေနဲ့၊
ဗာလတွေနဲ့လည်း
ဘယ်တော့မှ အတူတကွ မဆုံပါရစေနဲ့ တဲ့။
ကိုယ် ဘယ်လောက်ကောင်းကောင်း
ဗာလတွေနဲ့တွေ့ရင် တစ်ခုမဟုတ် တစ်ခု ဒုက္ခရောက်ကြရတာချည်းပဲ။
အဓိကကတော့ ကိုယ်တိုင် ဗာလစာရင်းထဲ
မပါအောင် သတိထားကြဖို့ လိုတယ်၊
သူများဗာလဖြစ်တာ မဖြစ်တာထက်
ကိုယ့်ကိုယ်ကို ပဏ္ဍိတ သာ ဖြစ်အောင်
ကြိုးစားရမယ်။
ဆက်လက်ပူဇော်ပါမည်....။ 🙏🙏🙏
နာယူရေးသားပူဇော်
#အရှင်ဝီရိယာနန္ဒ
(ဓမ္မသဟာယ)
☸☸☸☸☸☸☸☸☸☸☸☸☸