21/07/2026
၄၆၉။ Rare Earth Elements (REEs) (မြေရှား/ရှားပါးဒြပ်သတ္ထုများ)
သိကြပါတယ်ဆိုပြီး မရေးအုန်း မလို့ပါပဲ😅
ဒါပေမယ့် လွဲနေကြတာတွေကြားရတော့ ရေးရပြန်ပါတယ်။
မြန်မာတွေက "မြေရှားသတ္ထု"လို့ ခေါ်ကြတဲ့ Rare Earth Elements တွေက ဘာတွေလဲ?
နျူကလီးယားလုပ်တဲ့ ယူရေနီယမ် (Uranium)၊ ပလူတိုနီယမ် (Plutonium) တို့ ဘက်ထရီလုပ်တဲ့ လီသီယမ် (Lithium)၊ ကိုဘော့ (Cobalt) တို့ဟာ ရှားပါးလှတဲ့ မြေရှားသတ္ထုတွေပေါ့🤔
No ပါ!😮
မဟုတ်ပါဘူး။ ဒါကို တော်တော်များများက ထင်နေကြတာ တွေ့ရပါတယ်။
မြေရှားဆိုတာနဲ့ ရှားပါးတဲ့သတ္ထုတွေကို ရောချလို့ မရပါဘူး။ Rare Earth Elements တွေဟာ State ကျောင်းမှာကတည်းက သင်ခဲ့ရတဲ့ Period Table အထဲက တိကျတဲ့ ဒြပ်စင် ၁၇ မျိုးကို သီးသန့်ခေါ်ပါတယ်။ မှတ်မိကြမှာပေါ့ Period Table ရဲ့ အပြင်ဘက်အောက်မှာ သီးသန့်ဇယားလေးနဲ့ ထုတ်ထားတဲ့ ဒြပ်စင်တွေလေ။ Lanthanides နဲ့ Actinides ဆိုတဲ့ ဇယားနှစ်ထပ်မှာ အပေါ်တန်းက Lanthanides ဆိုတဲ့ Elements ၁၅ ခုရယ်၊ အပေါ် Table ကြီးထဲက Scandium နဲ့ Yttrium နှစ်ခုရယ် စုစုပေါင်း ၁၇ ခုကိုသာ Rare Earth Elements လို့ ခေါ်ပါတယ်။
ရှားပါးလွန်းလို့ မြေရှားသတ္ထုဆိုပြီး ခေါ်တာလား ဆိုတော့လည်း မဟုတ်ပါဘူး။ ကမ္ဘာပေါ်မှာ အဲ့ မြေရှားတွေက ရွှေထက်၊ ငွေထက်တောင် ပေါများပါတယ်။ ဒါပေမယ့် တစ်နေရာတည်းမှာ များများစုစည်း (Concentrated) မနေဘဲ သီးသန့်ခွဲထုတ်ပြီးစုယူဖို့ ခက်ခဲလို့သာ မြေရှားလို့ နာမည်ရ နေခြင်းပဲ ဖြစ်ပါတယ်။
ပထမ မြေရှားအနေနဲ့ Light Rare Earth Elements တွေကတော့ ကင်မရာ မှန်ဘီလူးလုပ်တဲ့ Lanthanum (La), ဓာတ်ကူပစ္စည်းလုပ်တဲ့ Cerium (Ce), လေယာဉ်အင်ဂျင်လုပ်တဲ့ Praseodymium (Pr), သံလိုက်လုပ်တဲ့ Neodymium (Nd), ရေDရိုသတ္တိကြွတဲ့ Promethium (Pm), အပူဒဏ်ခံသံလိုက်လုပ်တဲ့ Samarium (Sm), မီးရောင်အဖြစ်သုံးတဲ့ Europium (Eu) နဲ့ ဆေးပညာသုံး Gadolinium (Gd) တို့ ဖြစ်ကြပါတယ်။
ဒုတိယ Heavy Rare Earth Elements တွေကတော့ ဆိုနာတွေမှာသုံးတဲ့ Terbium (Tb), သံလိုက်သုံးတဲ့ Dysprosium (Dy), လေဆာမှာသုံးတဲ့ Holmium (Ho), ဖိုက်ဘာအော့ပတစ်လုပ်တဲ့ Erbium (Er), X ray မှာသုံးတဲ့ Thulium (Tm), မြေငလျင်တိုင်းပစ္စည်းမှာသုံးတဲ့ Ytterbium (Yb) နဲ့ ဓာတ်ကူပစ္စည်းအဖြစ်သုံးတဲ့ Lutetium (Lu) တို့ဖြစ်ကြပါတယ်။
ပြီးရင် ပုံမှန် Period Table အထဲက အပေါ့ဆုံး မြေရှားဖြစ်တဲ့ Scandium (Sc) နဲ့ LED အနီရောင်နဲ့ TV screen တွေလုပ်တဲ့ Yttrium (Y) ဆိုတဲ့ ၁၇ မျိုးပဲ ဖြစ်ပါတယ်။
သူတို့ရဲ့အသုံးဝင်ပုံကို အကြမ်းဖျင်းပဲ ရေးထားပါတယ်။ အဓိကရေးချင်တာကတော့ မြေရှားဆိုတာနဲ့ ရှားပါးတဲ့သတ္ထုတွေကို ပြောတာလို့ မထင်စေချင်ပါဘူး။ Uranium တို့ Plutonium တို့ဟာ Actinides အဖွဲ့ဝင် ဖြစ်ပါတယ်၊ Lithium ဆိုတာက Alkali Metal ဖြစ်ပြီး၊ Cobalt ကလည်း Transition Metal ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ဟာ နည်းပညာအမြင့်ကြီးတွေကို အသာထားပြီး အခြေခံ Definition တွေကို အရင်ဆုံး သေချာလေ့လာသင့်ပါကြောင်းဖြင့်။ ။LinHtet(EEM)