Dhamma Nadi

Dhamma Nadi Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Dhamma Nadi, College & University, Myaungmya.

ဘဝတုသဗ္ဗမင်္ဂလာ🙏🙏🙏
03/11/2021

ဘဝတုသဗ္ဗမင်္ဂလာ🙏🙏🙏

⚜⚜⚜၀ိနည်းနှင့်စပ်~သိနားလည်ထားသင့်ရာအမြတ်ဆုံး ကထိန်သင်္ကန်းအလှူ⚜⚜⚜“ကထိန်စစ်စစ် ဖြစ်ရဲ့လား”🌺🌺🌺🌺🌺🌺🌺🌺🌺အရှင်ဘုရား ....ရဟန်းတေ...
02/11/2021

⚜⚜⚜၀ိနည်းနှင့်စပ်~သိနားလည်ထားသင့်ရာ
အမြတ်ဆုံး ကထိန်သင်္ကန်းအလှူ⚜⚜⚜

“ကထိန်စစ်စစ် ဖြစ်ရဲ့လား”
🌺🌺🌺🌺🌺🌺🌺🌺🌺

အရှင်ဘုရား ....
ရဟန်းတော်ကိုယ်တိုင် လှူတဲ့ သင်္ကန်း နဲ့
ကထိန် ခင်းကောင်းပါသလား ?
ကထိန်ခင်းခဲ့ရင်ရော ကထိန် အထမြောက်ပါသလား။ ?
(မသင်းမဒီ၊ ပြည်မြို့။)

ဒကာမလေး မသင်းမဒီ ...
“ကထိန်ခင်းတယ်”လို့ ပြောလိုက်ရင်
ကထိန်ခင်းတဲ့အလုပ်ကို လူ၀တ်ကြောင်
ဒကာ၊ဒကာမတွေက လုပ်ကြတယ်လို့
လူအများက ထင်နေကြပါတယ်။

♦️တကယ်တော့-
#ကထိန်ခင်းတဲ့အလုပ်ဟာ-လူ၀တ်ကြောင် ဒကာဒကာမတွေရဲ့ အလုပ်မဟုတ်ပါဘူး။
ရဟန်းတော်တွေရဲ့ အလုပ်ပါ။
ရဟန်းတော်တွေကပဲ ကထိန်ခင်းကြတာပါ။

♦️ဒါပေမဲ့-
ရဟန်းတော်တွေ ကထိန်ခင်းမယ့် သင်္ကန်းကို
အများအားဖြင့် လူ၀တ်ကြောင် ဒကာ၊ဒကာမ
တွေကပဲ လှူဒါန်းကြပါတယ်။ ကထိန်ခင်းမယ့် သင်္ကန်းလှူဒါန်းတာကိုပဲ ကထိန်ခင်းတယ်လို့ တင်စားပြီးပြောကြရင်းက ကထိန်သင်္ကန်း
လှူတဲ့သူတွေကို ကထိန်ခင်းတဲ့သူတွေလို့
ခေါ်ဝေါ်နေကြတာပါ။

♦️အမှန်က-
လူ၀တ်ကြောင် ဒကာ၊ဒကာမတွေဟာ
ကထိန်ခင်းတဲ့သူတွေ... မဟုတ်ပါဘူး။
#ကထိန်သင်္ကန်း_လှူတဲ့သူတွေပါ။

♦️ကထိန်သင်္ကန်းကို-
လူ၀တ်ကြောင် ဒကာ၊ဒကာမတွေပဲ
လှူခွင့်ရှိတာ မဟုတ်ပါဘူး။

●ရဟန်းသာမဏေတွေလည်း~ လှူခွင့်ရှိပါတယ်။
●သီလရှင်တွေလည်း~ လှူခွင့်ရှိပါတယ်။
●လူသားတွေတင် ~လှူခွင့်ရှိတာ မဟုတ်ပါဘူး။
●နတ်တွေလည်း~ လှူခွင့်ရှိပါတယ်။
●ဗြဟ္မာတွေလည်း~ လှူခွင့်ရှိပါတယ်။
●နဂါးဂဠုန်တွေလည်း~ လှူခွင့်ရှိပါတယ်။

♦️ကျမ်းဂန်မှာ-
#ကထိန်သင်္ကန်း_လှူခွင့်ရှိသူ ကို
“လူရယ်၊ နတ်ရယ်၊ သီတင်းသုံးဖေါ်(၅)ဦးရယ်”
လို့ ပုဂ္ဂိုလ်(၇)မျိုး တိုက်ရိုက်ပြထားပါတယ်။

🔸️ သီတင်းသုံးဖေါ်(၅)ဦးဆိုတာ-
“ရဟန်း၊ ရဟန်းမ၊ သာမဏေ၊ သာမဏီ နဲ့ သိက္ခမာန်”တို့ပါပဲ။

🔸️ သိက္ခမာန်-ဆိုတာ...
ဘိက္ခုနီ(ရဟန်းမ) မ၀တ်မီ
သိက္ခာပုဒ်(၆)ပါးကို (၂)နှစ်တိတိ ကျင့်ရတဲ့
“သာမဏေ တစ်မျိုး” ကို ခေါ်တာပါ။

🔸️ ပဓာနနည်းအားဖြင့် တိုက်ရိုက်ပြထားတဲ့ ပုဂ္ဂိုလ်(၇)မျိုးထဲမှာ-
နဂါး၊ ဂဠုန်စတဲ့ တိုက်ရိုက်ပြမထားတဲ့ တခြားပုဂ္ဂိုလ်တွေလည်း အကျုံး၀င်ပါတယ်။
အသိဉာဏ်ရှိသူ မည်သူမဆို ကထိန်သင်္ကန်း
လှူခွင့်ရှိပါတယ်။

🔸️ ရဟန်းတော်တွေကို ကထိန်သင်္ကန်း
လှူခွင့်ရှိသူများစာရင်းမှာ တိုက်ရိုက်ပြထားတဲ့အတွက်...
ရဟန်းတော် ကိုယ်တိုင် လှူတဲ့သင်္ကန်း
နဲ့ ကထိန်ခင်းကောင်းပါတယ်။ ကထိန်ခင်းခဲ့ရင်လည်း ကထိန်အထမြောက်ပါတယ်။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

ဒါပေမဲ့-
❎ရဟန်းတော်ကိုယ်တိုင် “အလှူခံတဲ့ သင်္ကန်း”
နဲ့တော့ ကထိန် မခင်းကောင်းပါဘူး။
ကထိန်ခင်းခဲ့ရင်လည်း -ကထိန်အထ မမြောက်
ပါဘူး။

♦️ကထိန်တစ်ခု အထမြောက်ဖို့အတွက်- ကထိန်သင်္ကန်း လှူတဲ့သူ ဘယ်သူလဲဆိုတဲ့
အချက်က အဓိက မကျပါဘူး။

လှူတဲ့ ကထိန်သင်္ကန်း “ဘယ်လိုသင်္ကန်းလဲ ?”
ဆိုတဲ့ အချက်က အဓိကကျပါတယ်။

♦️ကထိန်တစ်ခု အထမြောက်ဖို့အတွက်-
#လှူတဲ့_ကထိန်သင်္ကန်း ဟာ….
●(၁) မိုးကျသင်္ကန်းလည်း ဖြစ်ရပါမယ်။
●(၂) မသိုးသင်္ကန်းလည်း ဖြစ်ရပါမယ်။
●(၃) သံဃိကသင်္ကန်းလည်း ဖြစ်ရပါမယ်။
သင်္ကန်းသုံးထည် ဖြစ်ရမယ်လို့ဆိုလိုတာ
မဟုတ်ပါဘူး။

♦️သင်္ကန်းတစ်ထည်တည်းကပဲ-
(၁) “မိုးကျ”ဖြစ်ခြင်း၊
(၂) “မသိုး”ဖြစ်ခြင်း၊
(၃) “သံဃိက”ဖြစ်ခြင်း...ဆိုတဲ့ အရည်အသွေး(၃)မျိုးနဲ့ ပြည့်စုံရမယ်လို့
ဆိုလိုတာပါ။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

(၁) ကထိန်သင်္ကန်းဟာ -
♦️“ #မိုးကျသင်္ကန်း” ဖြစ်ရပါမယ်။

မိုးရေမိုးပေါက်တွေဟာ... ဘယ်သူ့ရဲ့ တိုက်တွန်းလှုံ့ဆော်မှုမှ မပါဘဲ မိုးကောင်းကင်အပေါ်ကနေ အလိုအလျောက်ကျလာသလို၊
ကထိန်သင်္ကန်းဟာလည်း... ကထိန်ခင်းကျောင်းတိုက်က ရဟန်းတော်တွေထဲက
ဘယ်ရဟန်းတော်ရဲ့ တိုက်တွန်းလှုံ့ဆော်မှုမှ
မပါဘဲ အလှူရှင်က သူ့သဒ္ဓါတရားနဲ့သူ
အလိုအလျောက် လာလှူတဲ့ သင်္ကန်း ဖြစ်ရပါမယ်။

ကိုယ် လုံး၀မတိုက်တွန်းဘဲ... သူ့အလိုအလျောက်
ရတဲ့သင်္ကန်း၊
ကိုယ်လုံး၀ အလှူမခံဘဲ... သူ့အလိုအလျောက်
လာလှူတဲ့ သင်္ကန်းကို မိုးပေါ်က ရုတ်တရက်ကျ
လာတဲ့ အရာ၀တ္ထုနဲ့တူလို့~
#မိုးကျသင်္ကန်း ( #မိုးပေါ်ကျသင်္ကန်း)လို့ ခေါ်ပါတယ်။

❎ရဟန်းတော်တွေဟာ~
“မိခင်ရင်း၊ ဖခင်ရင်း” ဆီကတောင်မှ
ကထိန်သင်္ကန်း အလှူမခံ ကောင်းပါဘူး။
ရဟန်းတော်ကိုယ်တိုင်~ မိခင်ရင်း၊ဖခင်ရင်းဆီက
အလှူခံလို့ ရလာတဲ့ သင်္ကန်းနဲ့ ကထိန်ခင်းရင်လည်း
ကထိန် အထ မမြောက်ပါဘူး။

ရဟန်းတော်က မိဘကျေးဇူး အထူးဆပ်ချင်လို့
ဆိုပြီး ထူးခြားတဲ့ ကထိန်အလှူကုသိုလ်ကြီး
မိဘနှစ်ပါး ရစေချင်တဲ့ စိတ်နဲ့ မိဘကို ကထိန် အကြောင်းတွေ ပြောပြပြီး တိုက်ရိုက်နည်းနဲ့ဖြစ်ဖြစ်၊ သွယ်ဝိုက်တဲ့နည်းနဲ့ဖြစ်ဖြစ်
ကထိန်သင်္ကန်း အလှူခိုင်းတယ်ဆိုရင်
အဲဒီသင်္ကန်းနဲ့ ကထိန်ခင်းပေမယ့်...
ကထိန်အထ မမြောက်တော့တဲ့အတွက်~
🔹️ မိဘကျေးဇူးလည်း အထူးဆပ်ရာ.
မရောက်တော့ပါဘူး။
🔹️ မိဘနှစ်ပါးလည်း ထူးခြားတဲ့ ကထိန်အလှူ
ကုသိုလ်ကြီး မရတော့ပါဘူး။

❎ကိုယ်ဝါဆိုတဲ့ ကျောင်းတိုက်ရဲ့ ကထိန်အတွက်
အလှူ မခံကောင်းဘူးလို့ ပြောတာပါ။

✅တခြားကျောင်းတိုက်ရဲ့ ကထိန်အတွက်တော့-
- လှူဖို့ တိုက်တွန်းကောင်းပါတယ်။
တိုက်တွန်းလို့ရပါတယ်။ လိုအပ်ရင်
တိုက်တွန်းရမှာပါပဲ။

✅ကထိန်သင်္ကန်း လှူခွင့်ရှိသူတွေထဲမှာ-
ရဟန်းတော်တွေလည်း ပါတဲ့အတွက်...
ရဟန်းတစ်ပါးပါးက ဦးစီး ဦးဆောင်ပြုပြီး ၊
တပည့်ဒကာ ဒကာမတွေနဲ့ တခြားကျောင်းတိုက်
တစ်ခုခုမှာ ကထိန်သွားခင်းတာကတော့
ရပါတယ်။

ဒါပေမဲ့ -
❎ကထိန်ခင်းမယ့်ကျောင်းတိုက်က ရဟန်းတော်
တွေ ကိုယ်တိုင်ကတော့ ကိုယ့်ကျောင်းကထိန်အတွက် ဘယ်သူ့ကိုမှ ကထိန်သင်္ကန်းလှူဖို့
မတိုက်တွန်းကောင်းပါဘူး။

“ဒီနှစ် ကထိန် ဘယ်ရက်လဲ”၊
“ဒီနှစ်လည်း ဘုံကထိန်ပဲလား”
“ဒီနှစ် ဉတ်သင်္ကန်း လှူဖို့ ပြောထားတဲ့သူ
မရှိသေးဘူး”
“ကထိန်ရာသီတော့ ရောက်လာပြန်ပြီနော် ”
စသည် စသည်အားဖြင့် …
ဘယ်လို အရိပ်နိမိတ်မျိုး ပြပြီးတော့ပဲဖြစ်ဖြစ်၊ ဘယ်လိုပရိယာယ်စကားမျိုး ပြောပြီးတော့ပဲဖြစ်ဖြစ်၊ ကထိန်ခံ ရဟန်းတော်တွေ ကိုယ်တိုင် ကထိန် သင်္ကန်း အလှူမခံကောင်းပါဘူး။

♦️ကထိန်ခင်းမယ့် ဒကာ, ဒကာမတွေဘက်က
ကထိန်နဲ့ပတ်သက်လို့ ဘာစကားမှ မစ,ရသေး
ဘဲနဲ့ ကျောင်းတိုက်ရဟန်းတော်ထဲက တစ်ပါးပါးက ကထိန်အကြောင်းမစမိအောင် အထူးသတိပြု
ရပါမယ်။

❎ ဒကာ ,ဒကာမတွေက ဘာမှ မလျှောက်ရ
သေးဘဲနဲ့-
“ဒီနှစ်ကထိန်ဘယ်ရက်လဲ” လို့...
ကိုယ့်ဘက်က စ မမေးသင့်သလို၊
“ဒီနှစ်တော့ ဒီရက်မှာ ကထိန်ခင်းရင်
အဆင်ပြေမယ် ထင်တယ်" လို့လည်း....
ကိုယ်က စပြီး ကထိန်ရက် သတ်မှတ်ပေးမျိုးလည်း လုံး၀ မပြုလုပ်သင့်ပါဘူး။

♦️ကထိန်သင်္ကန်းဟာ-
“ အတိဥက္ကဋ္ဌ = အလွန်မြင့်မြတ်တဲ့သင်္ကန်း”
ဖြစ်ရမယ်တဲ့...။

“အလွန်မြင့်မြတ်တဲ့ သင်္ကန်း”ဆိုတာ-
တောင်းရမ်းမှု၊ တိုက်တွန်းမှု မပါဘဲ အလိုအလျောက်ရတဲ့သင်္ကန်းကို ပြောတာပါ။

တောင်းရမ်းခြင်း၊ တိုက်တွန်းခြင်း ဆိုတဲ့
အပြစ် လုံး၀ကင်းပြီး၊
အလွန့်အလွန် သန့်ရှင်းစင်ကြယ်တဲ့ သင်္ကန်းကို
“မိုးကျသင်္ကန်း”လို့ ခေါ်ပါတယ်။

ကိုယ့်ကျောင်းကို ဘယ်နေ့၊ဘယ်ရက်မှာ
ဘယ်သူ ကထိန်လာခင်းမယ်ဆိုတာ လုံးဝကို
မသိဘဲ ကြိုတင် အသိပေးမထားဘဲ
လာလှူတဲ့သင်္ကန်း၊ မမျှော်လင့်ဘဲ ရုတ်တရက် ရောက်လာတဲ့ သင်္ကန်းဟာ ~
“မိုးကျသင်္ကန်း” အစစ်ဆုံးပါပဲ။

♦️“မတောင်းဘဲ ရမှ~
အတိဥက္ကဋ္ဌ (အလွန်မြင့်မြတ်တယ်)”
ဆိုတာကို ကြည့်ပြီး ...
ဘယ်ပစ္စည်း လာဘ်လာဘ မဆို ၊
ဘယ်ရာထူး ဋ္ဌာနန္တရ မဆို~
ကိုယ်က မတောင်းရဘဲ အလိုအလျောက်ရမှ
ပို တန်ဖိုး ရှိတယ်။ ပို သန့်ရှင်းစင်ကြယ်တယ်-လို့ ကောက်ချက် ချနိုင်ပါတယ်။

♦️“မရှာဘဲ တွေ့မှ~ အချစ်၊
မရှာဘဲ ရမှ ~ ဘုန်းကံ”ဆိုတဲ့ သဘောပါပဲ။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

(၂) ကထိန်သင်္ကန်းဟာ-
♦️“ #မသိုးသင်္ကန်း” ဖြစ်ရပါမယ်။

🔸️ သန့်ရှင်းလတ်ဆတ်တဲ့ ထမင်းကောင်း၊
ဟင်းကောင်း (မသိုးထမင်း၊ မသိုးဟင်း)ဆိုတာ-
ချက်ပြီး တစ်ရက်မှ မကူးသေးတဲ့
ဒီနေ့မှ ချက်ထားတဲ့ ထမင်းဟင်းဖြစ်ရသလို ~

ကထိန်သင်္ကန်းဟာလည်း-
လှူပြီး တစ်ရက်မှ မကူးသေးတဲ့~
ဒီနေ့ လှူထားတဲ့ သင်္ကန်းဖြစ်ရပါမယ်။

🔸️ ချက်ပြီး တစ်ရက်ကျော်သွားတဲ့ ထမင်းဟင်း၊
နေ့ကူးသွားတဲ့ ထမင်းဟင်းကို...
တကယ်သိုးသိုး ,မသိုးသိုး ထမင်းသိုး၊ ဟင်းသိုးလို့ပဲ ခေါ်ပါတယ်။
အအေးခန်းထဲ၊ ရေခဲ သေတ္တာထဲ ထည့်ထားလို့
ချက်ချင်း သိုးမသွားသေးလည်း...
နာမည်ကတော့ “ထမင်းသိုး၊ ဟင်းသိုး” ပါပဲ။

🔸️️ လှူပြီး တစ်ရက်ကျော်သွားတဲ့ သင်္ကန်း၊
နေ့ကူးသွားတဲ့ သင်္ကန်းကိုလည်း...
“သင်္ကန်းသိုး”လို့ ခေါ်ပါတယ်။

❎အဲဒီလို-
သင်္ကန်းသိုးနဲ့ လုံး၀ ကထိန်ခင်းလို့ မရပါဘူး။
ကထိန်ခင်းလည်း ကထိန် အထ မမြောက်ပါဘူး။
(တစ်ရက်မက ကျော်သွားရင်တော့ အထူး
ပြောစရာတောင် မလိုတော့ပါဘူး။)

🔸️ လှူပြီး တစ်ရက်မှ မကျော်သေးတဲ့ သင်္ကန်း၊
နေ့ မကူးသေးတဲ့ သင်္ကန်း၊ ဒီနေ့မှ လာလှူတဲ့
သင်္ကန်းကို “မသိုးသင်္ကန်း”လို့ ခေါ်ပါတယ်။
✅မသိုးသင်္ကန်းနဲ့ ခင်းမှ...
ကထိန် အထမြောက်ပါတယ်။

♦️ရဟန်းတော်တွေဟာ -
ကထိန်သင်္ကန်း ဒီနေ့ရရင် ဒီနေ့ပဲ ကထိန်ခင်းရ
ပါတယ်။ အလုပ်မအားလို့၊ အဆင်မပြေသေးလို့
ဆိုပြီး နောက်နေ့မှ ကထိန်ခင်းလို့ မရပါဘူး။
ကထိန်သင်္ကန်း အလှူခံပြီးတဲ့ နေ့ရဲ့ နောက်တစ်နေ့
အရုဏ် မတက်ခင်မှာပဲ ကထိန်ခင်းခြင်းကိစ္စ
ပြီးစီးအောင် ဆောင်ရွက်ရပါတယ်။

🔸️ ကထိန်သင်္ကန်း အလှူခံပြီးတာနဲ့ ချက်ချင်း
ကထိန်ခင်းရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။
နောက်တစ်နေ့ #အရုဏ်မတက်မချင်း
ဘယ်အချိန်မှာမဆို ကထိန်ခင်းလို့ ရပါတယ်။

♦️“ကထိန်သင်္ကန်းဟာ-
နေ့မကူးတဲ့ မသိုးသင်္ကန်းဖြစ်ရမယ်” ...
ဆိုတာကို ကြည့်ပြီး တချို့က- ကထိန်ရက်
မတိုင်ခင် ကထိန်သင်္ကန်းကို ကျောင်းမှာ သွား
မထားကောင်းဘူးလို့ ယူဆနေကြပါတယ်။

❎လမ်းခရီး ကြုံနေရင်တောင်မှ ...
ကထိန်သင်္ကန်းကိုင်လျက် တန်းလန်းကြီးနဲ့
ကျောင်းတိုက်ထဲကနေ ဖြတ်မသွားကောင်းဘူး
လို့တောင် ထင်နေကြပါတယ်။ မဟုတ်ပါဘူး။

✅ကထိန် သင်္ကန်းကိုရော၊ ကထိန်ရံ သင်္ကန်းတွေကိုရော ...
ကထိန်ရက် မတိုင်ခင် ကျောင်းမှာ သွားထားလို့
ရပါတယ်။

♦️ဒါပေမဲ့- ကထိန်သင်္ကန်းအဖြစ်နဲ့တော့
အပြီး လှူမပစ်ခဲ့ရပါဘူး။ ခေတ္တခဏ အပ်ရုံပဲ
အပ်နှံထားခဲ့ရမှာပါ။ ကျောင်းမှာ သွားထားရုံပဲ
ထားပြီး မလှူသေးရင် ...သင်္ကန်းတွေကို သံဃာက
မပိုင်သေးပါဘူး။အလှူရှင်တွေကပဲ ပိုင်ပါတယ်။

♦️ကထိန်သင်္ကန်းအဖြစ်နဲ့ အပြီးအပိုင် နှုတ်မြွက်ပြီး လှူပစ်ခဲ့ရင် ...
တကယ် ကထိန်ခင်းမယ့်ရက်အထိ စောင့်နေလို့
မရတော့ပါဘူး။ အဲဒီနေ့မှာပဲ ချက်ချင်း ကထိန်
ခင်းလိုက်ရပါမယ်။

♦️နေ့ကူးသွားရင် “သင်္ကန်သိုး”ဖြစ်သွားတဲ့အတွက်... ကထိန်ခင်းလို့ မရတော့ပါဘူး။
အဲဒီကျောင်းတိုက် အဲဒီနှစ်အတွက် ပြီးပါပြီ။
ကထိန်ခင်းလို့ လုံး၀ မရတော့ပါဘူး။

♦️တနှစ်မှာ~တစ်လ၊
တစ်လမှာ ~ တစ်ရက်၊
တစ်ရက်မှာ ~ တစ်ကြိမ်ပဲ
ကထိန်သင်္ကန်း လှူခွင့်ရှိတာဆိုတော့ ...
နောက်ထပ်လည်း ကထိန်သင်္ကန်း အလှူခံလို့
မရတော့ပါဘူး။

❎တချို့က-
ကထိန်ရက်မှာ မအားလို့၊ မလာနိုင်လို့ဆိုပြီး
ကထိန်မတိုင်ခင် ရက်ခပ်စောစောကတည်းက
ကထိန်သင်္ကန်းကို ကြိုလှူထားချင်ကြပါတယ်။
အဲဒီလို ကြိုလှူထားလို့ မရပါဘူး။
သက်ဆိုင်ရာ ကျောင်းတိုက် သံဃာကလည်း
ကြိုအလှူခံထားလို့ လုံး၀မရပါဘူး။
ကြိုလှူထားတဲ့ သင်္ကန်းနဲ့ ကထိန်ခင်းရင်-
အဲဒီကထိန်ဟာ “ကထိန်အတု၊ ကထိန်အင်” ပဲ
ဖြစ်ပါလိမ့်မယ်။

❎တချို့က-
အရုဏ်မတက်ခင် (ကျီးမနိုးခင်) ကထိန်သင်္ကန်း
လှူတဲ့ “ကျီးမနိုး ကထိန်”က ပိုမြတ်တယ်လို့
ယူဆပြီး ၊အရုဏ်မတက်ခင် (ကျီးမနိုးခင်)
ကထိန်သင်္ကန်း လှူဒါန်းတတ်ကြပါတယ်။

အရုဏ်မတက်ခင် ကထိန်သင်္ကန်းလှူလိုက်ရင်-
အရုဏ် မတက်ခင်ဘဲ ကထိန်ခင်းရပါတယ်။
အရုဏ်တက်ပြီးသွားမှ ကထိန်ခင်းရင်...
သင်္ကန်းသိုးသွားလို့ ကထိန်အထ မမြောက်ပါဘူး။

❎အရုဏ်တက်တာနဲ့ တစ်ပြိုင်နက်~
နောက်တစ်ရက် ကူးသွားပါပြီ၊ အရုဏ်အမီ ကထိန်ခင်းဖို့ အချိန် မလုံလောက်တဲ့အတွက်
အဲဒီလို လှူတာမျိုး လုံး၀ရှောင်ကြဉ်သင့်ပါတယ်။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

(၃) ကထိန်သင်္ကန်းဟာ -
♦️ “ #သံဃိကသင်္ကန်း” ဖြစ်ရပါမယ်။

❎ရဟန်းတစ်ပါးပါးကို လှူဒါန်းထားလို့...
အဲဒီရဟန်းတစ်ပါးတည်းကပဲ ပိုင်ဆိုင်တဲ့ ပုဂ္ဂလိကသင်္ကန်းနဲ့ ကထိန်ခင်းလို့ မရပါဘူး။

✅သံဃာအားလုံးကို လှူဒါန်းထားလို့...
သံဃာအားလုံး ပိုင်ဆိုင်တဲ့ သံဃိကသင်္ကန်းနဲ့ပဲ ကထိန်ခင်းလို့ ရပါတယ်။
သံဃာအများပိုင်ဆိုင်တဲ့ “သံဃိကသင်္ကန်း” နဲ့ပဲ
ကထိန်ခင်းခွင့် ရှိပါတယ်။

❎မိမိကြည်ညိုတဲ့ ဘုန်းကြီးတစ်ပါးပါး၊
ဆရာတော် တစ်ပါးပါးကို...
" ဒီဆရာတော်ကြီး ငါကြည်ညိုလို့
ကထိန်သင်္ကန်း လှူလိုက်ဦးမယ်" ဆိုပြီးတော့
“ဆရာတော်ကို တပည့်တော် ကထိန်သင်္ကန်း
လှူပါတယ်ဘုရား”၊
“ဘုန်းကြီးကို ကထိန်သင်္ကန်းလှူပါတယ်ဘုရား”...လို့
မိမိကြည်ညိုတဲ့ ရဟန်းတော် တစ်ပါးပါးကို ပုဂ္ဂလိကအနေနဲ့ ကထိန်သင်္ကန်းအဖြစ် လှူဒါန်း
ခွင့် မရှိပါဘူး။

❎တချို့ကလည်း-
ကထိန်ရာသီမှာ လှူတဲ့ သင်္ကန်းမှန်သမျှ
ကထိန်သင်္ကန်းပဲ ထင်ပြီး...
“အရှင်ဘုရားအတွက် ကထိန်သင်္ကန်းပါဘုရား”
ဆိုပြီး လာလာ လှူလေ့ရှိပါတယ်။
အဲဒီလို လှူလို့ လုံး၀မရပါဘူး။ ရဟန်းတစ်ပါးချင်းကို “ကထိန်သင်္ကန်း”ဆိုပြီး လုံး၀ လှူလို့ မရပါဘူး။

♦️အဲဒီလို ရဟန်းတစ်ပါးပါးကို လှူတဲ့ သင်္ကန်းကိုလည်း ကထိန်ရာသီမှာ လှူပေမယ့်... “ကထိန်သင်္ကန်း” လို့ မခေါ်ပါဘူး။

❎ပုဂ္ဂိုလ်တစ်ပါးပါးကို လှူဒါန်းလိုက်တဲ့
အဲဒီ သင်္ကန်းနဲ့လည်း ကထိန်ခင်းလို့ မရပါဘူး။
ခင်းလည်းပဲ ကထိန်မအောင်မြင်ပါဘူး။
သံဃာကို လှူဒါန်းတဲ့ သင်္ကန်းနဲ့သာလျှင်...
ကထိန်ခင်းခွင့် ရှိပါတယ်။ကထိန် အောင်မြင်ထမြောက်နိုင်ပါတယ်။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

❇❇❇“ #လှူဒါန်းနည်းက_နှစ်မျိုး”❇❇❇

ကထိန်သင်္ကန်း “လှူဒါန်းနည်းက နှစ်မျိုး”
ရှိပါတယ်။

(၁)ကထိန်ခင်းမယ့်ကျောင်းမှာ...
သွားလှူတဲ့နည်း နဲ့
(၂)ကိုယ့်အိမ်၊ ကိုယ်ဌာန၊ တစ်နေရာရာမှာ...
ပင့်လှူတဲ့နည်းတို့ပါပဲ။

(၁) #ကထိန်ခင်းမယ့်ကျောင်းမှာ-
သွားလှူရင်တော့ ...

“ဤကထိန်သင်္ကန်းကို သံဃာအား လှူပါ၏”လို့
ဆိုပြီး လှူလိုက်ရုံနဲ့ လုံလောက်ပါတယ်။
သံဃာအား လှူတယ်ဆိုပေမယ့်...
ကထိန်ခင်းမယ့် ကျောင်းမှာရှိတဲ့ သံဃာနဲ့ပဲ သက်ဆိုင်ပါတယ်။

(၂) #ကိုယ့်နေရာ_ကိုယ့်ဌာနကို...
ပင့်ပြီး လှူမယ်ဆိုရင်တော့-

✅“ဘယ်ကျောင်းတိုက်မှာ ကထိန်ခင်းဖို့အတွက်
သံဃာအား လှူပါ၏” လို့ ကထိန်ခင်းမယ့်
“ကျောင်းတိုက်နာမည်”ကို တရား၀င် ထည့်ဆို
ပြီး လှူရပါတယ်။
ဒါမှ- ကိုယ်ရည်စူးတဲ့ ကျောင်းတိုက်သံဃာက ကထိန်ခင်းခွင့် ရမှာပါ။

❎ကျောင်းတိုက်နာမည်ထည့် မဆိုဘဲ ...
“သံဃာအား လှူပါ၏”လို့ ရိုးရိုးလေးဆိုပြီး
လှူလိုက်ရင် အခမ်းအနားကို ကြွလာတဲ့
“ဆယ့်နှစ်တောင်ပတ်လည်အတွင်း”က
ပင့်သံဃာအားလုံးနဲ့ သက်ဆိုင်သွားတဲ့
အတွက်-
ရည်စူးရာကျောင်းတိုက်မှာ ကထိန်ခင်းခွင့်
မရှိတော့ပါဘူး။

❎ရဟန်းတစ်ပါးတည်းကို ပင့်ပြီး-
“သံဃာအား လှူပါ၏”လို့ ဆိုလှူလိုက်ရင်လည်း...
အဲဒီရဟန်းက အဲဒီသင်္ကန်းကိုယူပြီး
တခြားကျောင်းတိုက်တစ်ခုကို ၀င်လိုက်မိတာနဲ့
တစ်ပြိုင်နက်တည်း ၀င်မိတဲ့ ကျောင်းတိုက်သံဃာက အဲဒီသင်္ကန်းကို ပိုင်ဆိုင်သွားပြန်လို့ -
ရည်စူးရာ ကျောင်းတိုက်မှာ ကထိန်ခင်း မရ
တော့ပါဘူး။

♦️ဒါကြောင့်-
ကိုယ့်နေရာ၊ ကိုယ်ဌာန ပင့်လှူသူတိုင်း
ကထိန်ခင်းလိုတဲ့ “ကျောင်းတိုက်နာမည်”ကို တရား၀င် ထည့်ဆိုပြီးမှ လှူသင့်ပါတယ်။

❎ကထိန်ခင်းမယ့်ကျောင်းတိုက်မှာ သွားလှူတဲ့အခါမှာလည်း-
“သံဃာအား”လို့ ထည့် မဆိုဘဲ
“ဤကထိန်သင်္ကန်းကို လှူပါ၏”လို့ ရိုးရိုးပဲ ဆိုလိုက်မိရင်လည်း...

အဲဒီကထိန်သင်္ကန်းဟာ-
ကျောင်းတိုက်မှာရှိတဲ့ သံဃာအားလုံး ပိုင်ဆိုင်တဲ့သင်္ကန်း (သံဃိကသင်္ကန်း) ဖြစ်သွားပါတယ်။

✅ဒါကြောင့်- “ #သံဃာအား”လို့
ထည့်ဆိုလိုက်တာဟာ ၀ိနည်းအပြစ်ကင်းပြီး
ကထိန်အလှူ အထမြောက်နိုင်ပါတယ်။

♦️ရဟန်းတစ်ပါးတည်း ဝါဆိုတဲ့ကျောင်းတိုက်မှာ
“သံဃာအား လှူပါ၏”လို့ ရွတ်ဆိုလျှောက်ထားပြီး
လှူတဲ့ ကထိန်သင်္ကန်းဟာ_
“သံဃာအား”လို့ ပါတဲ့အတွက် အရပ်လေးမျက်နှာမှာ ရှိရှိသမျှ သံဃာအားလုံးနဲ့ သက်ဆိုင်ပေမယ့်
ကျောင်းတိုက်မှာ ဝါဆိုတဲ့ ရဟန်းတစ်ပါးကပဲ ပိုင်ဆိုင်ပါတယ်။

♦️တစ်ပါးထက်ပိုများတဲ့ ရဟန်းတော်တွေ
ဝါဆိုတဲ့ ကျောင်းတိုက်တွေမှာလည်း နည်းတူပါပဲ။
“သံဃာအား လှူပါ၏”ဆိုတဲ့ သင်္ကန်းမှန်သမျှ
အရပ်လေးမျက်နှာ သံဃာ(စာတုဒ္ဒိသံဃာ)နဲ့
သက်ဆိုင်ရုံပဲ သက်ဆိုင်ပါတယ်။
ပိုင်တဲ့အခါမှာတော့ ကျောင်းတိုက်သံဃာ
(အာရာမသံဃာ)ကပဲ ပိုင်ပါတယ်။
ကျောင်းတိုက်ပြင်ပက သံဃာဟာ ...
ဆိုင်သာဆိုင် ၊ မပိုင်တဲ့သံဃာ ဖြစ်ပါတယ်။

♦️ကိုယ်လှူတဲ့သင်္ကန်းကို သံဃာတော်တွေ
ဘယ်လိုပဲ ဆိုင်ဆိုင်၊ဘယ်လိုပဲ ပိုင်ပိုင်
ကိုယ်ကတော့ သံဃာအားလုံးကို ရည်မှန်းပြီး
လှူဒါန်းရမှာပါပဲ။

🙏“အရပ်လေးမျက်နှာမှာ~ ရှိရှိသမျှ
သံဃာအားလုံး ၊
သာသနာတော်မှာ~ ရှိခဲ့ပြီး၊ ရှိနေဆဲ၊ရှိလတ္တံ့
သံဃာအားလုံးကို လှူဒါန်းပါတယ်”...လို့
အာရုံပြုပြီး-

♦️“သံဃဿ ဒေမ = သံဃာအား လှူပါ၏”လို့
ရွတ်ဆိုလှူဒါန်းလိုက်ရင်...

ကိုယ်လှူလိုက်တဲ့သင်္ကန်းဟာ~
“တစ်သာသနာလုံး၊ တစ်လောကလုံးမှာရှိတဲ့ ပုထုဇဉ်သံဃာ၊ အရိယာသံဃာ သံဃာအားလုံးနဲ့ သက်ဆိုင်တဲ့ သံဃိကသင်္ကန်း” ဖြစ်သွားပါတယ်။

✅အများပိုင်သံဃိကသင်္ကန်းနဲ့ပဲ ကထိန်ခင်းလို့
ရပါတယ်။
❎တစ်ပါးပိုင် ပုဂ္ဂလိကသင်္ကန်းနဲ့ ကထိန်ခင်းလို့
မရပါဘူး။

ဒါပေမဲ့-
♦️ #တကယ်ကထိန်ခင်းတဲ့_အချိန် မှာတော့...
“အများပိုင် သံဃိကသင်္ကန်း”ကို>>>
“တစ်ပါးပိုင် ပုဂ္ဂလိကသင်္ကန်း” ဖြစ်အောင်
ပြန်လုပ်လိုက်ရပါတယ်။

သံဃာက..... ကထိန်ခင်းလို့ မရပါဘူး။
ပုဂ္ဂိုလ်ကပဲ... ကထိန်ခင်းလို့ ရပါတယ်။

♦️သံဃာက-ကထိန်သင်္ကန်း ပေးရုံပဲ
ပေးနိုင်ပါတယ်။
သိမ်ထဲမှာ... သံဃာတော်တွေစုဝေးပြီး
ကထိန်ခင်းထိုက်တဲ့ ရဟန်းတစ်ပါးကို
ဉတ်ကမ္မဝါနဲ့ ကထိန်သင်္ကန်း ပေးလိုက်ရပါတယ်။
ကထိန်သင်္ကန်းကို ပုဂ္ဂလိကအဖြစ် ပိုင်ဆိုင်သွားတဲ့
အဲဒီ ရဟန်းကမှ ကထိန်ခင်းရတာပါ။

♦️ကထိန်သင်္ကန်းကို သိမ်ထဲမှာပဲ ပေးရပေမယ့် ကထိန်ကိုတော့- သိမ်ထဲမှာပဲဖြစ်ဖြစ်၊
သိမ်အပြင်မှာပဲဖြစ်ဖြစ် ခင်းလို့ရပါတယ်။

♦️ရဟန်းတစ်ပါးခင်းတဲ့ ကထိန်ကို -
သံဃာက ၀မ်းမြောက်၀မ်းသာ အနုမောဒနာ ပြုလိုက်ရင်...
သံဃာကလည်း ကထိန်ခင်းပြီးသား ဖြစ်သွား
တာပါပဲ။

♦️ကထိန်ခင်းခြင်းဆိုတဲ့ ဝိနည်းကံဟာ -
သံဃာ့ကံ မဟုတ်၊ ပုဂ္ဂလကံဆိုပေမယ့်...

🔸️ သံဃာကပဲ ...ကထိန်သင်္ကန်း ပေးရ၊
🔸️ ကထိန်ခင်းပြီးရင်လည်း-
သံဃာအားလုံးက အနုမောဒနာပြုတဲ့
သံဃာမှာလည်း...
ကထိန်အာနိသင်ရတဲ့အတွက် ~
သံဃာ့ကိစ္စ၊ သံဃာ့အလုပ်လို့ ဆိုနိုင်ပါတယ်။

♦️“သံဃိကသင်္ကန်း”ကို “ပုဂ္ဂလိသင်္ကန်း”အဖြစ်
ကထိန်ခင်းမယ့် ရဟန်းကို ပေးတာက~
🔸️ သံဃာတော်တွေရဲ့ အပိုင်းဖြစ်ပါတယ်။

🔸️ ကထိန်အလှူရှင်တွေရဲ့အပိုင်းကတော့~
“သံဃိက သင်္ကန်း”အဖြစ်ပဲ လှူဒါန်းရမှာပါ။

❎ကထိန်ခင်းတဲ့အချိန်- ပုဂ္ဂလိကသင်္ကန်း
လုပ်မယ့် အတူတူဆိုပြီး... နဂိုကတည်းက ပုဂ္ဂလိကသင်္ကန်းအဖြစ် မလှူဒါန်းရပါဘူး။

❎လှူဒါန်းခဲ့ရင် -
ပုဂ္ဂလိကသင်္ကန်းကို သံဃာက ကထိန်ခင်းမယ့် ရဟန်းကို ပေးလို့ မရတော့တဲ့အတွက် ကထိန်ခင်းလို့ မရတော့ပါဘူး။

✅သံဃိကသင်္ကန်းကိုပဲ သံဃာက ကထိန်ခင်းမယ့်
ရဟန်းကို ပေးလို့ရပါတယ်။

♦️ဒါကြောင့်-
ကထိန်အလှူရှင်တွေအနေနဲ့ မိမိတို့ ကြည်ညိုတဲ့ ဆရာတော်တစ်ပါးပါး၊ ရဟန်းတစ်ပါးပါးကို
ကထိန် သင်္ကန်း ရစေချင်တဲ့စိတ် လုံး၀ မထားဘဲ
“ဒီကထိန်သင်္ကန်းဟာ သံဃာ အားလုံးအတွက်”လို့ပဲ ရည်မှန်းပြီး သံဃာပိုင် သံဃိကစစ်စစ်ဖြစ်အောင် လှူဒါန်းကြရပါမယ်။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

☸အနှစ်ချုပ်ပြီး ပြန်ပြောရရင် ...
ကထိန်တစ်ခု အထမြောက်ဖို့အတွက် (သို့မဟုတ်) ကထိန်စစ်စစ်ဖြစ်ဖို့အတွက်-

ကထိန်သင်္ကန်းဟာ ...
♦️(၁) “မိုးကျသင်္ကန်း” ဖြစ်ရပါမယ်။

✅ ရဟန်းတော်တွေ ကိုယ်တိုင်-
ဘယ်သူ့ဆီကမှအလှူခံ မထားတဲ့ သင်္ကန်း၊
ရဟန်းတော်တွေဘက်က- ဘာအရိပ်နိမိတ်မှ
မပြရ၊ဘာပရိယာယ်စကားမှ မပြောရဘဲနဲ့
အလှူရှင်တွေဘက်က -
အလိုအလျောက် လာလှူထားတဲ့သင်္ကန်းနဲ့
ကထိန်ခင်းမှ ကထိန်စစ်စစ်ဖြစ်ပါတယ်။
❎ရဟန်းတော်တွေဘက်က စ, ပြောလို့
လှူတဲ့သင်္ကန်းနဲ့ ကထိန်ခင်းရင်-
ကထိန်စစ်စစ် မဖြစ်ပါဘူး။

🔹️🔹️🔹️🔹️🔹️🔹️🔹️🔹️🔹️🔹️🔹️🔹️🔹️

♦️(၂) “မသိုးသင်္ကန်း” ဖြစ်ရပါမယ်။

✅ဒီနေ့လှူတဲ့ သင်္ကန်းနဲ့ ဒီနေ့ ကထိန်ခင်းမှ ~
ကထိန်စစ်ဖြစ်ပါတယ်။
❎ မနေ့က လှူတဲ့သင်္ကန်းနဲ့ ဒီနေ့ ကထိန်ခင်းရင်~
ဒီနေ့လှူတဲ့သင်္ကန်းနဲ့မနက်ဖြန်မှကထိန်ခင်းရင်~
ကထိန်စစ်စစ် မဖြစ်ပါဘူး။

🔹️🔹️🔹️🔹️🔹️🔹️🔹️🔹️🔹️🔹️🔹️🔹️🔹️🔹️

♦️(၃) “သံဃိကသင်္ကန်း” ဖြစ်ရပါမယ်။

✅သံဃာအားလုံးကို ရည်မှန်းပြီး~
သံဃာပိုင်အဖြစ်နဲ့ လှူဒါန်းတဲ့ သံဃိကသင်္ကန်းနဲ့
ကထိန်ခင်းမှ ကထိန်စစ်စစ်ဖြစ်ပါတယ်။

❎ကိုယ်ကြည်ညိုတဲ့ ဆရာတော်ကို ရည်မှန်းပြီး
ကိုယ်ကြည်ညိုတဲ့ဆရာတော်ပဲ ရစေချင်တဲ့စိတ်နဲ့
လှူတဲ့သင်္ကန်းနဲ့ ကထိန်ခင်းရင်....
ကထိန်စစ်စစ် မဖြစ်ပါဘူး။
🔹️🔹️🔹️🔹️🔹️🔹️🔹️🔹️🔹️🔹️🔹️🔹️🔹️

■နောက်တစ်ချက် ဖြည့်စွက်ရမယ်ဆိုရင်တော့ -

ကထိန်သင်္ကန်းဟာ-
♦️ “ကိုယ်ပိုင်သင်္ကန်း” ဖြစ်ရပါမယ်။

❎ခေတ္တခဏ ငှားယူလာတဲ့ သင်္ကန်း
(“အငှား”သင်္ကန်း)နဲ့ ကထိန်ခင်းရင်-
ကထိန်စစ်စစ် မဖြစ်ပါဘူး။

♦️ အမှန်တကယ် ပိုင်ဆိုင်တဲ့ သင်္ကန်း
(ကိုယ်ပိုင်သင်္ကန်း)နဲ့ ကထိန်သင်္ကန်း
လှူတဲ့အခါမျိုးမှာလည်း-
ကထိန်ခင်းတဲ့အခိုက်ကလေး ခေတ္တခဏငှားတဲ့
သဘောမျိုးမဖြစ်အောင်...
အထူးသတိပြုရပါမယ်။

🔹️🔹️🔹️🔹️🔹️🔹️🔹️🔹️🔹️🔹️🔹️🔹️🔹️🔹️

♦️ #ကထိန်ခင်းခွင့်ရှိတဲ့ကာလ-ကတော့

“သီတင်းကျွတ်လပြည့်ကျော်(၁)ရက်ကနေ~
တန်ဆောင်မုန်းလပြည့်နေ့အထိ....
တစ်လ(၂၉-ရက်)” ဖြစ်ပါတယ်။

✅ဒီတစ်လအတွင်းမှာပဲ-
ကထိန်သင်္ကန်း လှူခွင့် ရှိပါတယ်။
ဒီတစ်လအတွင်းမှာ ခင်းမှလည်း-
“ကထိန်စစ်စစ်” ဖြစ်ပါတယ်။

🔹️🔹️🔹️🔹️🔹️🔹️🔹️🔹️🔹️🔹️🔹️🔹️🔹️

♦️ကထိန်ခင်းဖို့အတွက်-
သံဃာက သိမ်ထဲမှာ သင်္ကန်းပေးတဲ့ ကံပြုရတဲ့အတွက်.... ကထိန်ကံ အောင်မြင်ဖို့
#အနည်းဆုံးသံဃာ၅ပါး ရှိရပါတယ်။

✅️ ကထိန်သင်္ကန်းပေးတဲ့ ကံပြုတဲ့
သံဃာက (၄)ပါး၊
ကထိန်သင်္ကန်းခံယူသူက (၁)ပါး၊
စုစုပေါင်း(၅)ပါး အနည်းဆုံးရှိမှ....
ကထိန်ကံ အောင်မြင်ပါတယ်။

သင်္ကန်းပေးဖို့အတွက်သာ~ သံဃာလိုတာပါ။
သင်္ကန်းပေးပြီးလို့ ကထိန်ခင်းတဲ့အခါမှာတော့~ သံဃာ မလိုပါဘူး။

🔹️🔹️🔹️🔹️🔹️🔹️🔹️🔹️🔹️🔹️🔹️🔹️🔹️

♦️တစ်ပါးတည်း ဝါဆိုတဲ့ကျောင်းမှာ-
တစ်ပါးတည်း ကထိန်ခင်းလည်း ရပါတယ်။ အနုမောဒနာပြုရမယ့် ရဟန်းတစ်ပါး
ခေါ်ထားပြီး-နှစ်ပါး ကထိန်ခင်းလည်း ရပါတယ်။
သင်္ကန်းပေးတဲ့ သံဃာတွေစုံနေတုန်းမို့-
သံဃာနဲ့ကထိန်ခင်းလိုက်လည်း ရတာပါပဲ။

♦️ရဟန်းတစ်ပါးခင်းတဲ့ကထိန်ကို ...
ဝါဆိုတူ ကျောင်းတိုက်အတွင်းက
✅ရဟန်းတော်တွေပဲ~ အနုမောဒနာ ပြုစရာ
လိုပါတယ်။
❎ကိုရင်သာမဏေတွေကတော့~ အနုမောဒနာ
ပြုစရာ မလိုပါဘူး။

♦️ဒါပေမဲ့- တစ်ကျောင်းတိုက်တည်း အတူ ဝါဆိုကြတဲ့ သီတင်းသုံးဖေါ် ဘ၀တူအချင်းချင်းဖြစ်တဲ့အတွက် ...
ကထိန်အာနိသင်သင်္ကန်း (ကထိန်ရံသင်္ကန်း)တွေကို ကိုရင်တွေကိုလည်း အညီအမျှ ခွဲဝေပေးရပါမယ်။

ကိုရင်တွေလည်း...
အာနိသင်သင်္ကန်း(ကထိန်ရံသင်္ကန်း) ရပိုင်ခွင့်ရှိပါတယ်။

🔹️🔹️🔹️🔹️🔹️🔹️🔹️🔹️🔹️🔹️🔹️🔹️

♦️တချို့က ကျောင်းဥပစာပရိဝုဏ်
အရံအတားတူတဲ့ ကျောင်းတိုက်
တစ်တိုက်တည်းမှာ -
နှစ်ကျောင်း၊ သုံးကျောင်း စသည်ခွဲပြီး သီခြားစီ ဝါဆိုတတ်ကြပါတယ်။

ကျောင်းတိုက်ကြီးတစ်ခုတည်းမှာ-
ဘယ်နှစ်ကျောင်းပဲ ခွဲဝါဆိုဆို
✅ကထိန်ခင်းရင်တော့...
တစ်ကျောင်းတိုက်လုံးပေါင်းပြီး၊
ကထိန်တစ်ခုတည်းပဲ ခင်းရပါမယ်။
ဒါမှ ကထိန်စစ်စစ်ဖြစ်ပါတယ်။

🔹️🔹️🔹️🔹️🔹️🔹️🔹️🔹️🔹️🔹️🔹️🔹️🔹️

♦️ကထိန်ခင်းပြီးတဲ့ ကျောင်းတိုက်မှာ-
နောက်ထပ် လာလှူတဲ့ သံဃိကသင်္ကန်းတွေကို ကထိန်အာနိသင် မရတဲ့ တခြားရဟန်းတော်လည်း ဝေစု ရစေချင်တယ်ဆိုရင် ...
ခင်းပြီးသား ကထိန်ကို နုတ်လိုက်ရပါတယ်။

♦️“ #ကထိန်နုတ်တယ်”ဆိုတာ-
ကထိန်ခင်းခြင်းအမှု၊ ကထိန်ကံကို ရုပ်သိမ်း
လိုက်တာပါပဲ။

ကထိန်နုတ်ပြီးရင်- နောက်ထပ် ကထိန်တစ်ခု
ထပ်ခင်းလို့ မရတော့ပါဘူး။ ထပ်ခင်းရင်လည်း
ကထိန်စစ်စစ် မဖြစ်တော့ပါဘူး။

ကထိန်နုတ်လိုက်တဲ့အတွက်-
ကထိန်အာနိသင်တွေလည်း ပျက်ပြယ်သွားပါတယ်။ ကထိန်အာနိသင်ရပြီးသား ရဟန်းတော်တွေလည်း... ကထိန်အာနိသင် လုံး၀မရတော့ပါဘူး။

✅သံဃိကလာဘ်လာဘဖြစ်တဲ့ သင်္ကန်းတွေကို သံဃာအားလုံး ရစေချင်တဲ့ ရည်ရွယ်ချက်နဲ့သာ ကထိန်နုတ်ရတာပါ။

♦️ကထိန်သာ မနုတ်ရင်-
သံဃိကသင်္ကန်းတွေကို ၀ါကျိုးဝါပြတ်သူ၊ ဒုတိယဝါဆိုသူ၊ တခြားကျောင်းတိုက်ကနေ
နောက်ထပ်ရောက်လာသူတွေ မရနိုင်ပါဘူး။
ရခွင့် မရှိပါဘူး။
ကထိန်နုတ်လိုက်တဲ့အတွက်- သံဃာအားလုံး
ရခွင့်ရှိသွားပါတယ်။

-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist's Association】

-[ ✍ ဆရာတော်အရှင်ဆန္ဒာဓိက
(ရွှေပါရမီတောရ)၏...
“ဂုဏ်ရှိန်ပေါင်းစုတဲ့ ဘုံကထိန်ကောင်းမှု”
နှာ ၅၅- ၈၀မှ- ကောက်နှုတ် ပူဇော်မျှဝေ
ပါသည်။】

⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

Credit:
Young Buddhist Association

Address

Myaungmya

Website

Alerts

Be the first to know and let us send you an email when Dhamma Nadi posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share