Pyay EDC Mail Box

Pyay EDC Mail Box Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Pyay EDC Mail Box, College & University, Pyay.

Non-CDM စစ်တမ်း (အပိုင်း-၂)
15/04/2025

Non-CDM စစ်တမ်း (အပိုင်း-၂)

Non CDM စစ်တမ်း - အပိုင်း (၂)

⬛ မြတ်ကို | အိုးဝေစာစောင်

(၃) Non CDM ကျောင်းသားတွေဟာ တော်လှန်ရေးရဲ့ ဦးတည်ရန်သူမဟုတ်ပါဘူး။ တော်လှန်ရေးအတွက် စည်းရုံးရမယ့် ကြားလူတွေဖြစ်ပါတယ်။

တော်လှန်ရေးကာလမှာ ကျနော်တို့ လုပ်သမျှလုပ်ရပ်တိုင်းဟာ ဦးတည်ချက်ရှိရပါမယ်။ ကျနော်တို့ရဲ့ လုပ်ရပ်တိုင်းဟာ တော်လှန်ရေးအတွက် ဘယ်လိုအထောက်အကူပြုမလဲဆိုတဲ့ အခြေခံစဉ်းစားချက်ကနေ လာရပါမယ်။ စိတ်ဆန္ဒရှိတဲ့အတိုင်း ခြေဦးတည့်ရာလျှောက်နေလို့ မဖြစ်ပါဘူး။ ကျနော်တို့ရဲ့ သေနတ်ပြောင်းဝတွေဟာ တော်လှန်ရေးရဲ့ ဘုံရန်သူဆီကိုသာ အမြဲဦးတည်ထားရပါမယ်။ ဦးတည်ရန်သူမဟုတ်သူတွေကို အပြင်းအထန်တိုက်ခိုက်ပြီး ကျည်မဖြုန်းမိဖို့ သတိပြုရပါမယ်။ ရန်သူက အထီးကျန်ဖြစ်ပြီး ကိုယ်က မိတ်ဆွေများအောင် ဆောင်ရွက်ရပါမယ်။ ဆိုလိုတာကတော့ ဦးတည်ရန်သူမဟုတ်သူတွေကို ကိုယ့်ဘက်ရောက်လာအောင် စည်းရုံးရမယ်၊ အနိမ့်ဆုံးအဆင့် ရန်သူဘက်ကို ကွင်းလုံးကျွတ် ပါမသွားအောင် စည်းရုံးရမယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ ဒါက တော်လှန်ရေးရဲ့ ကကြီး၊ ခခွေးပါ။ အဓိကကတော့ ဘယ်သူက ဦးတည်ရန်သူလဲ၊ ဘယ်သူက စည်းရုံးရမယ့်လူလဲဆိုတာကို ပြတ်ပြတ်သားသား သိထားရင် ကိစ္စတဝက်ပြီးတာပါပဲ။

ဒီနံပါတ် ၃ အချက်ကို ရှင်းလင်းရာမှာ ရန်သူ၊ မိတ်ဆွေ ဘယ်လိုခွဲမလဲဆိုတဲ့ ယေဘုယျသဘောကို အရင်ပြောပါမယ်။ ဒီယေဘုယျသဘောဟာ Non CDM ကိစ္စတခုတည်းအတွက်သာ အသုံးဝင်တာမဟုတ်ဘဲ တော်လှန်ရေးရဲ့ တခွင်တပြင်လုံးမှာပါ ကျယ်ကျယ်ပြန့်ပြန့်သုံးနိုင်တဲ့ သဘောတရားလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဒီအပိုင်းကို အရင်ဆွေးနွေးပါမယ်။ နောက်တပိုင်းမှာမှ Non CDM ကျောင်းသားတွေရဲ့ အခြေအနေကို ဒီသဘောတရားနဲ့ ယှဉ်ထိုးပြီး အသေးစိတ် ဆွေးနွေးပါမယ်။

(၃။ က။) ရန်သူ၊ မိတ်ဆွေ ဘယ်လိုခွဲမလဲ။

လက်ရှိတော်လှန်ရေးကာလမှာ ကျနော်တို့ရဲ့ ဘုံရန်သူဟာ စစ်အာဏာရှင်စနစ်ဖြစ်တယ်ဆိုတာ အင်မတန်ရှင်းရှင်းလင်းလင်းရှိပါတယ်။ ထပ်ပြီး အသေးစိတ်ပြောရရင်တော့ ကျနော်တို့ရဲ့ ဘုံရန်သူ (သို့) ဦးတည်ရန်သူဟာ စစ်အစိုးရ၊ စစ်အုပ်စုနဲ့ စစ်ဗျူရိုကရေစီယန္တရားဆိုတဲ့ စစ်သုံးစစ် ဖြစ်ပါတယ်။ လက်ရှိကာလမှာ အဖွဲ့အစည်းတဖွဲ့ (သို့) လူပုဂ္ဂိုလ်တယောက်က ကျနော်တို့ရဲ့ ဦးတည်ရန်သူ ဟုတ်၊မဟုတ် သိချင်ရင် စစ်သုံးစစ်နဲ့ တိုက်စစ်လိုက်ရုံပါပဲ။ အင်မတန် လွယ်ပါတယ်။ စစ်သုံးစစ်နဲ့ တိုက်စစ်တယ်ဆိုတာကတော့ (၁) ဒီအဖွဲ့အစည်း ဒါမှမဟုတ် ဒီလူပုဂ္ဂိုလ်ဟာ စစ်သုံးစစ်တည်ရှိခြင်းကနေ အကျိုးအမြတ်ရနေသလား၊ (၂) သူတို့ဟာ စစ်သုံးစစ်ကို အလုပ်အကျွေးပြုနေသလားဆိုတဲ့ မေးခွန်း ၂ ခုနဲ့ ဆန်းစစ်ဆုံးဖြတ်တာဖြစ်ပါတယ်။ ဒီနှစ်ချက်လုံး (သို့) တချက်ချက်နဲ့ ကိုက်ညီနေရင် အဆိုပါ အဖွဲ့အစည်း (သို့) လူပုဂ္ဂိုလ်ဟာ ကျနော်တို့ရဲ့ ဦးတည်ရန်သူဖြစ်ပြီး တချက်နဲ့မှ မကိုက်ညီရင်တော့ သူတို့ဟာ ကျနော်တို့ စည်းရုံးရမယ့်လူတွေဖြစ်ပါတယ်။ အင်မတန် ရိုးရှင်းပါတယ်။

မေးခွန်း ၂ ခုထဲက စစ်သုံးစစ်တည်ရှိခြင်းကနေ အကျိုးအမြတ်ရနေသလားဆိုတဲ့မေးခွန်းကိုတော့ ပေတံနှစ်ခုနဲ့ တိုင်းတာဖြေရှင်းလို့ ရနိုင်ပါတယ်။ အဲဒီပေတံနှစ်ခုကတော့ နိုင်ငံရေးအာဏာအကျိုးအမြတ်နဲ့ စီးပွားရေးအကျိုးအမြတ်ပါပဲ။ အခြားအစွယ်အပွားအကျိုးအမြတ်တွေလည်း ရှိသေးပေမယ့် ဒီအကျိုးအမြတ်နှစ်ခုကသာ ပင်မဖြစ်ပါတယ်။ ဒါကြောင့် သူတို့ကိုပဲ ပေတံအနေနဲ့ အသုံးပြုရတာပါ။ စစ်သုံးစစ်တည်ရှိခြင်းကနေ နိုင်ငံရေးအာဏာအကျိုးအမြတ်ရနေသူတွေဆိုတာကို ဥပမာပြရရင်တော့ စစ်ဗိုလ်ချုပ်တွေ၊ စစ်ကောင်စီအဖွဲ့ဝင်တွေ၊ စစ်အစိုးရခန့် ဝန်ကြီးတွေ ဖြစ်ပါတယ်။ သူတို့ဟာ စစ်သုံးစစ်တည်ရှိနေလို့သာ အခုလို နိုင်ငံရေးအာဏာတွေ ရနေနိုင်တာပါ။ သူတို့ဟာ ကျနော်တို့ရဲ့ ဦးတည်ရန်သူဖြစ်ပါတယ်။ စစ်သုံးစစ်တည်ရှိခြင်းကနေ စီးပွားရေးအကျိုးအမြတ်ရနေသူတွေဆိုတာကို ဆက်ပြီး ဥပမာပြရရင်တော့ ခရိုနီတွေ၊ စစ်ဗိုလ်ချုပ်တွေ၊ စစ်အစိုးရရဲ့ ပေးစာကမ်းစာနဲ့ ချမ်းသာကြွယ်ဝလာကြသူတွေဖြစ်ပါတယ်။ သူတို့ဟာလည်း ကျနော်တို့ရဲ့ ဦးတည်ရန်သူပါပဲ။ ဒီပေတံနှစ်‌ချောင်းနဲ့သာ တိုင်းတာကြည့်ရင် စစ်သုံးစစ်တည်ရှိခြင်းကနေ ဘယ်သူတွေ အကျိုးအမြတ်ရနေသလဲဆိုတာကို ရှင်းရှင်းလင်းလင်းမြင်နိုင်မယ်ထင်ပါတယ်။

အဖွဲ့အစည်းတဖွဲ့ (သို့) လူပုဂ္ဂိုလ်တယောက်ဟာ လက်ရှိတော်လှန်ရေးရဲ့ ဦးတည်ရန်သူ ဟုတ်၊မဟုတ် စိစစ်ရာမှာ လိုအပ်တဲ့ နောက်တချက်ကတော့ သူတို့ဟာ စစ်သုံးစစ်ကို အလုပ်အကျွေးပြုနေသလားဆိုတဲ့ကိစ္စပါပဲ။ ဒီမေးခွန်းကိုတော့ ပေတံသုံးချောင်းနဲ့ ဖြေရှင်းရမယ်လို့ မြင်ပါတယ်။ အဲဒီပေတံသုံးချောင်းကတော့ ကာယအား၊ ဉာဏအားနဲ့ စီးပွားအားပါပဲ။ အခြားပုံစံမျိုးစုံနဲ့ အလုပ်အကျွေးပြုတာ ရှိပေမယ့် ဒီသုံးခုကသာ အဓိကဖြစ်ပါတယ်။ ဒါကြောင့် သူတို့ကိုပဲ ပေတံအနေနဲ့ သတ်မှတ်ရတာပါ။ ဒီပေတံသုံးချောင်းနဲ့ ဘယ်လိုတိုင်းတာမလဲဆိုတာကို ဥပမာပြပါမယ်။

စစ်သားတွေ၊ ရဲတွေနဲ့ ပျူစောထီးတွေဟာ စစ်သုံးစစ်ကို ကာယအားနဲ့ အလုပ်အကျွေးပြုနေကြတာပါ။ ဒါကြောင့် သူတို့ဟာ ကျနော်တို့ရဲ့ ဦးတည်ရန်သူဖြစ်ပါတယ်။ စစ်အစိုးရရဲ့ အကြံပေးတွေဟာ စစ်သုံးစစ်ကို ဉာဏအားနဲ့ အလုပ်အကျွေးပြုနေပါတယ်။ ဒါကြောင့် သူတို့ဟာလည်း ကျနော်တို့ရဲ့ ဦးတည်ရန်သူဖြစ်ပါတယ်။ ခရိုနီတွေဟာ သူတို့ရဲ့ စီးပွားရေးအင်အားနဲ့ စစ်သုံးစစ်ကို အလုပ်အကျွေးပြုနေကြသူတွေပါ။ သူတို့ဟာ စစ်သုံးစစ်နဲ့ ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီပါပဲ။ သူတို့ကိုယ်တိုင်ကိုက စစ်သုံးစစ်ရဲ့ အစိတ်အပိုင်းတခုလည်း ဖြစ်ပါတယ်။ ဒါကြောင့် ခရိုနီတွေဟာလည်း ကျနော်တို့ရဲ့ ဦးတည်ရန်သူတွေဖြစ်ကြပါတယ်။ ဘယ်သူတွေကစစ်သုံးစစ်ကို အလုပ်အကျွေးပြုနေသလဲ ဆိုတာကို ဒီလိုနည်းနဲ့ စိစစ်နိုင်ပါတယ်။

ပြန်ချုပ်ရရင်တော့ တော်လှန်ရေးကာလမှာလုပ်တဲ့ ကျနော်တို့ရဲ့ လုပ်ရပ်တိုင်းဟာ ဦးတည်ရန်သူကို ချေမှုန်းဖို့သာဖြစ်ရပါမယ်။ ဦးတည်ရန်သူမဟုတ်သူတွေကို စည်းရုံးရပါမယ်။ ဦးတည်ရန်သူ ဟုတ်၊မဟုတ်ကို စစ်သုံးစစ်နဲ့ တိုက်စစ်ရပါမယ်။ အချက်နှစ်ချက်ရှိပါတယ်။ (၁) သူတို့ဟာ စစ်သုံးစစ်တည်ရှိခြင်းကနေ အကျိုးအမြတ်ရနေသလား၊ (၂) သူတို့ဟာ စစ်သုံးစစ်ကို အလုပ်အကျွေးပြုနေသလား။ ပထမအချက်ကို စိစစ်ရာမှာတော့ နိုင်ငံရေးအာဏာအကျိုးအမြတ်နဲ့ စီးပွားရေးအကျိုးအမြတ်ဆိုတဲ့ ပေတံနှစ်ချောင်းနဲ့ စိစစ်နိုင်ပါတယ်။ ဒုတိယအချက်ကိုတော့ ကာယအား၊ ဉာဏအားနဲ့ စီးပွားအားဆိုတဲ့ ပေတံသုံးချောင်းနဲ့ တိုင်းတာစိစစ်နိုင်ပါတယ်။ Non CDM ကျောင်းသားတွေဟာ တော်လှန်ရေးရဲ့ ဦးတည်ရန်သူ ဟုတ်၊မဟုတ်ကိုလည်း ဒီအချက်တွေနဲ့ပဲ တိုက်စစ်ရပါလိမ့်မယ်။ ဒါကို နောက်တပိုင်းမှာ အသေးစိတ်ဆွေးနွေးပါမယ်။

⬛ မြတ်ကို
မှတ်တမ်းနှင့်သုတေသနရေးရာကော်မတီ
ဗကသများအဖွဲ့ချုပ်

Non-CDM စစ်တမ်း  (အပိုင်း-၁)
15/04/2025

Non-CDM စစ်တမ်း (အပိုင်း-၁)

Non CDM စစ်တမ်း - အပိုင်း (၁)
⬛ မြတ်ကို | အိုးဝေစာစောင်

နွေဦးတော်လှန်ရေးနဲ့အတူ ပေါက်ဖွားလာတဲ့ CDM လှုပ်ရှားမှုဟာ အင်မတန် ဂုဏ်ရောင်ပြောင်တဲ့ လှုပ်ရှားမှုဖြစ်ပါတယ်။ CDM လှုပ်ရှားမှုကြီးကို ပုခုံးထမ်းတင်ပေးခဲ့ကြတဲ့ CDM ထုကြီးတရပ်လုံးဟာလည်း အလေးအနက် ဂုဏ်ပြုတန်ဖိုးထားရမယ့် သူရဲကောင်းတွေဖြစ်ပါတယ်။ သူတို့ဟာ ယုံကြည်ချက်အတွက် ဘဝကိုစွန့်ခဲ့သူတွေဖြစ်တယ်လို့ဆိုရင် မလွန်နိုင်ပါဘူး။ CDM လုပ်လို့ တကယ်ကို ဘဝပျက်ခဲ့ရသူတွေ ရှိပါတယ်။ ဒါပေမယ့် သူတို့ဟာ ဒီနေ့ထိတိုင်အောင် ရပ်တည်ချက်ခိုင်ခိုင်မာမာနဲ့ တော်လှန်နေကြဆဲပါပဲ။ သူတို့နဲ့ ထိုက်တန်တဲ့ ဂုဏ်ပြုချီးမြှင့်မှုတွေကို စီစဉ်ပေးအပ်ဖို့ အင်မတန်အရေးကြီးပါတယ်။ CDM လို့ဆိုလိုက်ရင် စစ်ကျွန်ပညာရေးကို သပိတ်မှောက်ထားကြတဲ့ CDM ကျောင်းသူ၊ ကျောင်းသားတွေလည်း ပါဝင်ပါတယ်။ သူတို့ဟာလည်း မမေ့မလျော့ ဂုဏ်ပြုချီးမြှောက်ရမယ့်သူတွေပါပဲ။

ဒီလောက် ဂုဏ်ရောင်ပြောင်လှတဲ့ CDM လှုပ်ရှားမှုကြီးကို အိုးမည်းသုတ်ဖို့ပြင်နေတဲ့ အန္တရာယ်တခုရှိနေပါပြီ။ အဲတာကတော့ Non CDM ကျောင်းသားတွေကို အပြစ်ပေးအရေးယူရမယ်ဆိုတဲ့ အယူအဆပါပဲ။ ဗမာပြည်တော်လှန်ရေးသမိုင်းမှာ ဂုဏ်ရောင်ပြောင်တဲ့ လှုပ်ရှားမှုတခုဖြစ်တဲ့ CDM လှုပ်ရှားမှုရဲ့ ဂုဏ်သိက္ခာကို အိုးမည်းသုတ်မခံရအောင် ကာကွယ်ဖို့ ကျနော်တို့မှာ တာဝန်ရှိပါတယ်။ ဒါကြောင့် ဒီဆောင်းပါးကို ရေးရပါတယ်။

လက်ရှိတော်လှန်ရေးကာလ ကျောင်းသားထုရဲ့ အခြေအနေကို ဆန်းစစ်မယ်ဆိုရင် Non CDM ကျောင်းသားတွေကိုပါ ထည့်သွင်းစဉ်းစားမှ ပြည့်စုံပါလိမ့်မယ်။ Non CDM ကျောင်းသားတွေအပေါ် ဘယ်လိုသဘောထားမလဲ၊ သူတို့ဟာ တော်လှန်ရေးရဲ့ ရန်သူလား၊ မိတ်ဆွေလား၊ ကြားလူလား ဆိုတာ ရှင်းလင်းဖို့လိုပါတယ်။ ဒီကိစ္စတွေကို ဒီဆောင်းပါးမှာ တပါတည်း ရှင်းလင်းသွားဖို့ ရည်ရွယ်ပါတယ်။

ပထမဆုံးပြောရမယ့်အချက်ကတော့ Non CDM ကျောင်းသားတွေက စစ်ကောင်စီလက်အောက်မှာ ကျောင်းတက်တဲ့အတွက် သူတို့ကို အပြစ်ပေးအရေးယူရမယ်ဆိုတဲ့အယူအဆဟာ အင်မတန် မှားယွင်းတဲ့အယူအဆဖြစ်တယ်ဆိုတာပါပဲ။ ဒီအယူအဆမှားယွင်းကြောင်းကို အချက် ၅ ချက်နဲ့ ဆွေးနွေးသွားပါမယ်။

(၁) လွတ်လပ်စွာ ပညာသင်ကြားခွင့်ရှိရေးဟာ အခြေခံလူ့အခွင့်အရေးဖြစ်ပါတယ်။
(၂) ကိုယ်နဲ့ အမြင်မတူတဲ့အတွက် အမြင်မတူသူရဲ့ ပညာရေးခရီးလမ်းကို ပိတ်ဆို့တားမြစ် အရေးယူတာဟာ ဗမာပြည်က စစ်အစိုးရတွေ အစဉ်တစိုက်လုပ်ခဲ့တဲ့ အာဏာရှင်လုပ်ဟန်ဖြစ်ပါတယ်။
(၃) Non-CDM ကျောင်းသားတွေဟာ တော်လှန်ရေးရဲ့ ဦးတည်ရန်သူမဟုတ်ပါဘူး။ တော်လှန်ရေးအတွက် စည်းရုံးရမယ့် ကြားလူတွေဖြစ်ပါတယ်။
(၄) ကျောင်းသားတွေ စုစည်းတည်ရှိနေတဲ့ကျောင်းဟာ ရန်သူစစ်အုပ်စုအကြောက်ဆုံးအရာတွေထဲက တခုဖြစ်ပါတယ်။ ဒါကို ဗျူဟာကျကျ ချဉ်းကပ်ရပါမယ်။
(၅) Non-CDM ကျောင်းသားတွေကို အပြစ်ပေးအရေးယူတာ၊ တဆင့်နှိမ့်ဆက်ဆံတာတွေဟာ‌ အနာဂတ်ပဋိပက္ခကို သန္ဓေတည်ပေးရာရောက်နိုင်ပါတယ်။

ဒီ ၅ ချက်ကို တခုချင်း အကျယ်ရှင်းပါမယ်။ အဲဒီနောက်မှာတော့ CDM ကျောင်းသားထုကို ဘယ်လိုချီးမြှောက်ဂုဏ်ပြုနိုင်မလဲ ဆိုတဲ့ အပိုင်းကို ဆွေးနွေးပါမယ်။

(၁) လွတ်လပ်စွာ ပညာသင်ကြားခွင့်ရှိရေးဟာ အခြေခံလူ့အခွင့်အရေးဖြစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း (Universal Declaration of Human Rights) ရဲ့ အပိုဒ် ၂၆ မှာ “လူသားတိုင်း ပညာသင်ကြားခွင့်ရှိရမယ်” လို့ ဖော်ပြထားပါတယ်။ လူသားတိုင်း လွတ်လပ်စွာပညာသင်ကြားခွင့်ရှိရေးဟာ အခြေခံလူ့အခွင့်အရေးပါပဲ။

စစ်အစိုးရလက်အောက်မှာ ကျောင်းတက်သူတွေဟာ စစ်အစိုးရရဲ့ ဝါဒဖြန့်သင်ရိုးတွေကိုပဲ သင်ကြားခွင့်ရမယ်ဆိုတာ ထင်ရှားပါတယ်။ တနည်းဆိုရရင် စစ်အစိုးရလက်အောက်က ပညာရေးဟာ စစ်ကျွန်ဇာတ်သွင်းတဲ့ စစ်ကျွန်ပညာရေးဆိုတာ ငြင်းစရာမရှိပါဘူး။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ဒီစစ်ကျွန်ပညာရေးအောက်မှာ ကျောင်းတက်လိုသူတွေအနေနဲ့လည်း လွတ်လပ်စွာကျောင်းတက်ခွင့် ရှိရပါမယ်။ ဒါဟာ အခြေခံလူ့အခွင့်အရေးပဲဖြစ်ပါတယ်။

NUG က ဖွင့်လှစ်တဲ့ကျောင်းတွေမှာ တက်ရောက်သင်ကြားတဲ့ ကျောင်းသား၊ ကျောင်းသူတွေ၊ ဆရာ၊ ဆရာမတွေကို စစ်အစိုးရက ဖမ်းဆီးအရေးယူတာဟာ လွတ်လပ်စွာပညာသင်ကြားခွင့်ကို ချိုးဖောက်တာပဲဖြစ်ပါတယ်။ NUG လက်အောက်ကမဟုတ်တဲ့ ကိုယ်ထူကိုယ်ထကျောင်းတွေကို ပိတ်ဆို့တားမြစ်တာဟာလည်း လွတ်လပ်စွာပညာသင်ကြားခွင့်ကို ချိုးဖောက်တာပါပဲ။ ဒီလိုပဲ စစ်အစိုးရ ဖွင့်လှစ်တဲ့ကျောင်းတွေမှာ တက်ရောက်ကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေ၊ ဆရာ၊ ဆရာမတွေကို ပညာသင်ကြား၊ သင်ယူတဲ့အတွက် အပြစ်ပေးအရေးယူမယ်ဆိုရင် ဒါဟာလည်း လွတ်လပ်စွာပညာသင်ကြားခွင့်ကို ချိုးဖောက်တာပဲဖြစ်ပါတယ်။

အခြေခံလူ့အခွင့်အရေးတွေကို အလေးမထားဘဲ ဆန္ဒရှိသလို ချိုးဖောက်ဖျက်ဆီးနေတဲ့ဖြစ်စဉ်တွေဟာ စစ်အာဏာရှင်စနစ်နဲ့အတူ တပါတည်းနိဂုံးချုပ်သွားသင့်တဲ့အရာပါ။ ကျနော်တို့ မျှော်ရည်တဲ့ အနာဂတ်ဟာ အခြေခံလူ့အခွင့်အရေးကို အလေးထားတဲ့အနာဂတ်ဖြစ်ပါတယ်။ ဒါကြောင့် အခြေခံလူ့အခွင့်အရေးတွေထဲက တချက်ဖြစ်တဲ့ လွတ်လပ်စွာပညာသင်ကြားခွင့်ကို ကျနော်တို့က အပြည့်အဝ လေးစားကာကွယ်ရပါလိမ့်မယ်။

ဒါကြောင့် Non CDM ကျောင်းသားတွေကို အပြစ်ပေးအရေးယူရေးဆိုတဲ့ကိစ္စဟာ လုံးဝ မလုပ်အပ်တဲ့ကိစ္စဖြစ်ပါတယ်။ ဘာကြောင့်မလုပ်အပ်တဲ့ကိစ္စလဲဆိုရင်တော့ ဒီလုပ်ရပ်ဟာ အခြေခံလူ့အခွင့်အရေးကို ချိုးဖောက်ရာရောက်နေလို့ပါပဲ။

(၂) ကိုယ်နဲ့ အမြင်မတူတဲ့အတွက် အမြင်မတူသူရဲ့ ပညာရေးခရီးလမ်းကို ပိတ်ဆို့တားမြစ် အရေးယူတာဟာ ဗမာပြည်က စစ်အစိုးရတွေ အစဉ်တစိုက်လုပ်ခဲ့တဲ့ အာဏာရှင်လုပ်ဟန်ဖြစ်ပါတယ်။

ဆန္ဒပြကျောင်းသားတွေကို ကျောင်းထုတ်လိုက်တယ်၊ သမဂ္ဂကျောင်းသားဖြစ်လို့ အပြစ်ရှာပြီး စာမေးပွဲချလိုက်တယ်၊ ဆိုတဲ့အချင်းအရာတွေဟာ ဗမာပြည်သမိုင်းမှာ ဖန်တရာတေနေတဲ့ကိစ္စပါ။ နယ်ချဲ့လက်အောက်မှာရော၊ စစ်အာဏာရှင်လက်အောက်မှာရော မကြာခဏ ကြုံတွေ့ခဲ့ကြရတဲ့အချင်းအရာပါ။ ဒါဟာ အာဏာရှင်တွေရဲ့ လက်နက်တမျိုးဆိုရင်လည်း ဟုတ်ပါတယ်။ ဒီလိုကြုံတွေ့ခဲ့ရတဲ့ ဖြစ်စဉ်တိုင်းမှာ ကျူးလွန်သူဟာ နယ်ချဲ့ကိုလိုနီအစိုးရနဲ့ စစ်အစိုးရပဲဖြစ်ပါတယ်။ (စစ်တပိုင်းအစိုးရကာလမှာလည်း ဒီလိုဖြစ်စဉ် အနည်းငယ်ရှိခဲ့ဖူးပါတယ်။ ရခိုင်ကိစ္စဆန္ဒပြမှုတွေရဲ့ နောက်ဆက်တွဲဖြစ်ခဲ့တာပါ။) ဒီကနေ့တော်လှန်ရေးက ရည်မျှော်တဲ့ အနာဂတ် ဒီမိုကရေစီအစိုးရကိုတော့ ဒီကျူးလွန်သူစာရင်းထဲမှာ ကျနော်တို့ မမြင်ချင်ပါဘူး။

Non CDM ကျောင်းသားတွေဟာ CDM လှုပ်ရှားမှုမှာ မပါဝင်ကြပါဘူး။ ဒါကြောင့် CDM လှုပ်ရှားမှုအပေါ်ထားတဲ့ သူတို့ရဲ့ သဘောထားနဲ့ ကျနော်တို့ရဲ့ သဘောထားဟာ မတူပါဘူး။ ဒီလိုအမြင်မတူတဲ့အတွက် အမြင်မတူသူရဲ့ ပညာရေးခရီးလမ်းကို ပိတ်ဆို့တားမြစ်တယ်ဆိုတာဟာ အင်မတန် သိမ်ဖျင်းတဲ့လုပ်ရပ် ဖြစ်ပါတယ်။ ဒီလုပ်ရပ်ကို စစ်အစိုးရကတော့ ပျော်ပျော်ကြီးလုပ်နေတာပါပဲ။ ကျောင်းသားတွေကို CDM လုပ်လို့ အပြစ်ပေးအရေးယူတာကို စစ်အစိုးရက လုပ်ပါတယ်။ သူတို့အတွက်တော့ ဒီလိုသိမ်ဖျင်းတဲ့လုပ်ရပ်တွေကို လုပ်ရတာက ထမင်းစားရေသောက်ဖြစ်နေပါပြီ၊ မထူးဆန်းတော့ပါဘူး။ ဒါပေမယ့် ဒါဟာ ဒီမိုကရေစီအလေ့အထ မဟုတ်တာကို သတိပြုရပါမယ်။ ဒါဟာ စစ်အာဏာရှင်တွေ အစဉ်တစိုက်လုပ်ခဲ့ကြတဲ့ အာဏာရှင်လုပ်ဟန်ဖြစ်ပါတယ်။ စစ်အစိုးရရဲ့ ဒီလိုလုပ်ရပ်တွေကို သည်းမခံနိုင်လို့ ကျနော်တို့ ပြည်သူလူထုတရပ်လုံးက အုံကြွတော်လှန်နေကြတာပါ။ ကျနော်တို့ ရွံရှာမုန်းတီးတဲ့လုပ်ရပ်မျိုးကို ကျနော်တို့ကိုယ်တိုင် ပြန်လည်မကျူးလွန်မိကြဖို့ အင်မတန်သတိထားရပါလိမ့်မယ်။

စစ်အစိုးရက CDM ကျောင်းသားတွေကို အပြစ်ပေးအရေးယူသလို ကျနော်တို့က Non CDM ကျောင်းသားတွေကို အပြစ်ပေးအရေးယူလို့မရပါဘူး။ ဘာကြောင့်လဲဆိုရင် သူတို့ဟာ စစ်အစိုးရဖြစ်ပြီး ကျနော်တို့ဟာ ဒီမိုကရေစီကို ချစ်မြတ်နိုးတဲ့ တော်လှန်ရေးသမားတွေဖြစ်နေလို့ပါပဲ။

⬛ မြတ်ကို
မှတ်တမ်းနှင့်သုတေသနရေးရာကော်မတီ
ဗကသများအဖွဲ့ချုပ်

လေးစားစွာ မေတ္တာရပ်ခံပါသည်။
16/02/2021

လေးစားစွာ မေတ္တာရပ်ခံပါသည်။

ပြည်ပညာရေးဒီဂရီကောလိပ် ကျောင်းသားများသမဂ္ဂမှ သဘောထားထုတ်ပြန်ချက်
04/02/2021

ပြည်ပညာရေးဒီဂရီကောလိပ် ကျောင်းသားများသမဂ္ဂမှ သဘောထားထုတ်ပြန်ချက်

ပြည်ပညာရေးဒီဂရီကောလိပ်ရဲ့ ပြောင်းရွှေ့ဆရာ၊ဆရာမများအား နှုတ်ဆက်ကန်တော့ပွဲ အခမ်းအနားကိုအောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါသည်...
30/01/2021

ပြည်ပညာရေးဒီဂရီကောလိပ်ရဲ့ ပြောင်းရွှေ့ဆရာ၊ဆရာမများအား နှုတ်ဆက်ကန်တော့ပွဲ အခမ်းအနားကိုအောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါသည်။ တက်ရောက်ပေးသူ တစ်ဦးချင်းစီကို ကျေးဇူးတင်ပါတယ်။

#အဆင်မပြေမှုများရှိခဲ့သော်ခွင့်လွှတ်ပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်။

#ပြည်ပညာရေးဒီဂရီကောလိပ်ကျောင်းသားများသမဂ္ဂ(ပြန်ကြားရေးနှင့်သတင်းမီဒီယာတာဝန်ခံ)


🍒

30.1.2021 ရက်နေ့ နံနက် ၉နာရီတွင် ပြည်မြို့ပညာရေးဒီဂရီကောလိပ်၏ ပြောင်းရွှေ့ဆရာ၊ဆရာမများအားနှုတ်ဆက်ကန်တော့သည့်အခမ်းအနားကို...
29/01/2021

30.1.2021 ရက်နေ့ နံနက် ၉နာရီတွင် ပြည်မြို့ပညာရေးဒီဂရီကောလိပ်၏ ပြောင်းရွှေ့ဆရာ၊ဆရာမများအားနှုတ်ဆက်ကန်တော့သည့်အခမ်းအနားကိုzoom meeting ဖြင့်ပြုလုပ်သွားမည်ဖြစ်​ပြီး ကျောင်းသား၊ကျောင်းသူများတက်ရောက်ကြပါရန် အသိပေးအပ်ပါသည်။

Meeting ID-3690239042
Password-password


#သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ


🍒

Address

Pyay

Website

Alerts

Be the first to know and let us send you an email when Pyay EDC Mail Box posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share