05/05/2024
ကွန်ပျူတာတက္ကသိုလ်(မန္တလေး)မှာထောက်ခံစာအတွက် ကူညီဆောင်ရွက်ပေးရန် အသင့်ရှိပါတယ်ခင်ဗျ….။
========================
ATTENTION: စစ်ကောင်စီဖွင့်လှစ်သော ကျောင်းများတွင် တက်ရောက်ခြင်းမရှိကြောင်း ကိုယ်တိုင်ဝန်ခံချက်နှင့် ယင်းကို ထောက်ခံပေးသည့် ထောက်ခံစာ တင်သွင်းခြင်းမရှိသည့် ဖောင်ဖြည့်သွင်းမှုများကို ဆက်လက် ဆောင်ရွက်ပေးမည်မဟုတ်ပါကြောင်း အသိပေးအပ်ပါသည်။
========================
========================
ကွန်ပျူတာတက္ကသိုလ်များနှင့် ကွန်ပျူတာနှီးနွယ်တက္ကသိုလ်များမှ ပညာသင်ယူခွင့်ရပ်တန့်နေခဲ့သော နောက်ဆုံးနှစ် ကျောင်းသား/သူများအတွက် နောက်ဆုံးနှစ်ပြီးမြောက်ကြောင်းလက်မှတ်ထုတ်ပေးနိုင်ရေးအစီအစဉ် ကြေညာချက်
(မေ ၄၊ ၂၀၂၄)
=========================
(၂၀၁၉-၂၀၂၀)ပညာသင်နှစ်တွင် မြန်မာနိုင်ငံတဝှမ်းရှိ ကွန်ပျူတာတက္ကသိုလ်များနှင့် ကွန်ပျူတာနှီးနွယ်တက္ကသိုလ်များ၌ ပညာသင်ယူခွင့်ရပ်တန့်နေခဲ့သော နောက်ဆုံးနှစ်ကျောင်းသား/သူများအတွက် နောက်ဆုံးနှစ်ပြီးမြောက်ကြောင်း လက်မှတ် ရယူနိုင်ရန်အတွက် ၆.၇.၂၀၂၃ နှင့် ၂၃.၄.၂၀၂၄ တို့တွင် ကြေညာချက်များ ထုတ်ပြန်ခဲ့ပါသည်။
(ယင်း ကြေညာချက်များကို https://ucs-iboe.org/final-continuing လင့်တွင် ဖတ်ရှုနိုင်ပါသည်။)
စိတ်ပါဝင်စားသောကျောင်းသား/သူများအနေဖြင့် ကြေညာချက်နှင့်အတူ တင်ပေးထားသောလင့်တွင် အချက်အလက်များ ဖြည့်စွက်တင်သွင်းကာ ကြေညာချက်ပါညွှန်ကြားချက်အတိုင်း ဆက်လက်ဆောင်ရွက်နိုင်ပါသည်။
လျှောက်ထားရာတွင် အောက်ပါအချက်အလက်များ တင်ပြရပါမည် -
၁) စစ်ကောင်စီဖွင့်လှစ်ထားသော တက္ကသိုလ်များတွင် တက်ရောက်နေခြင်းမရှိကြောင်း ကျောင်းသား/သူ၏ ကိုယ်တိုင် လက်မှတ်ထိုးဝန်ခံချက်
၂) ရပ်တန့်ခဲ့သည့် သင်တန်းနှစ်အတွက် မှန်ကန်ကြောင်းအထောက်အထား
- ကျောင်းသားကတ် (သို့မဟုတ်) အထောက်အထားတစ်ခုခု (သို့မဟုတ်)
- ကွန်ပျူတာနှင့်ကွန်ပျူတာနှီးနွယ်တက္ကသိုလ်တစ်ခုခုမှ စီဒီအမ် ဆရာ၊ ဆရာမ၊ ဝန်ထမ်း တစ်ဦးဦး၏ ထောက်ခံစာ
၃) စစ်ကောင်စီဖွင့်လှစ်ထားသောတက္ကသိုလ်များတွင် တက်ရောက်နေခြင်းမရှိကြောင်း ထောက်ခံချက်
- သက်ဆိုင်ရာကျောင်းကောင်စီ (သို့မဟုတ်) စီဒီအမ်ဆရာ/မ (သို့မဟုတ်) စီဒီအမ်ဝန်ထမ်း (သို့မဟုတ်) ပြည်နယ်/ခရိုင်/မြို့နယ်ပညာရေးဘုတ်အဖွဲ့ (သို့မဟုတ်) သက်ဆိုင်ရာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တစ်ခုခု၏ ထောက်ခံစာ
နံပါတ် ၂ နှင့် နံပါတ် ၃ တွင် တောင်းခံထားသော ရပ်တန့်ခဲ့သည့်သင်တန်းနှစ်အတွက် မှန်ကန်ကြောင်းအထောက်အထားနှင့် စစ်ကောင်စီဖွင့်လှစ်ထားသောတက္ကသိုလ်များတွင် တက်ရောက်နေခြင်းမရှိကြောင်းထောက်ခံချက်ကို ထောက်ခံစာတစ်စောင် တည်းဖြင့်လည်း တင်သွင်းနိုင်ပါသည်။
ထောက်ခံစာပေးမည့်သူသည် ယင်းထောက်ခံစာကို ကိုယ်တိုင်တင်သွင်းပေးနိုင်ပါသည်။ ယင်းသို့ကိုယ်တိုင်တင်ပေးမည် ဆိုပါကကျောင်းသား/သူအနေဖြင့် အဆိုပါထောက်ခံစာကို တင်သွင်းရန်မလိုပါ။ ယင်းထောက်ခံစာအပြည့်အစုံရရှိပြီးမှသာ ကျောင်းသား/သူအတွက် ဆောင်ရွက်ရမည့်ကိစ္စများကို ဆက်လက်ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။
ဤကြေညာချက်ပါအစီအစဉ်သည် နောက်ဆုံးနှစ်ကျောင်းသား/သူများအတွက်သာ ဖြစ်ပါသည်။
အခြားသင်တန်းနှစ်များမှ ကျောင်းသား/သူများအတွက် ကြေညာချက်ကို မကြာမီဆက်လက် ကြေညာမည် ဖြစ်ပါသည်။