11/12/2025
နွေဦးတော်လှန်ရေးထဲက MMU
ရေကြောင်းတက္ကသိုလ်အသိုင်းအဝန်းဆိုတာ အမှန်တော့ ရှေ့မီနောက်မီတွေက များပါတယ်။ ကျောင်းသူကျောင်းသား ဆရာဆရာမ ရုံးပိုင်းဝန်ထမ်း အကုန်ပေါင်းမှ တကျောင်းလုံးမှာ တနှစ်ကိုမှ လူနှစ်ထောင်စွန်းစွန််းလောက်ရှိတာကိုး။ ၂၀၂၁ အာဏာသိမ်းတော့ အဲ့ဒီတနှစ်ကို လူနှစ်ထောင်လောက်ရှိတဲ့ ကျောင်းလေးတခုကနေ တော်လှန်ရေးထဲကို ပါဝင်ခဲ့ကြတာ မနည်းမနောပါ။ ကျွန်တော်တို့လုပ်ထားတဲ့ မှတ်တမ်းတွေ မမှားဘူးဆိုရင် သင်ကြားရေးထဲက အနည်းဆုံး ၅၀% ဟာ CDM ကို အခုထက်ထိ နောက်မလှည့်တမ်း လုပ်နေကြတုန်းပါ။ ရုံးပိုင်းဝန်ထမ်းတွေမှာလည်း မနည်းတဲ့ရာခိုင်နှုန်းတခုရှိပါတယ်။ ဒါက CDM တပိုင်းတည်းပါ။
လက်ရှိကျောင်းပြန်တက်နေတဲ့သူတွေ ဖွင့်ထားတဲ့ Page တခုကနေ ဒီနှစ် ရေကြောင်းကိုတက်မယ့် ကျောင်းသားအသစ်တွေကို interview ထားတဲ့ video တခုကို ဟိုတလောက ကြည့်လိုက်မိပါတယ်။ ကျောင်းသားသစ်တွေကို မေးနေကြ ဒီကျောင်းကို ဘာလို့ရွေးတာလဲ၊ ဘယ်မေဂျာလဲ ဘာညာပေါ့ဗျာ။ အဲ့မှာ မေးခွန်းတခုကို ကျွန်တော် သတိထားမိလိုက်ပါတယ်။ "ရေကြောင်းကဆိုရင် ဘယ်သူ့ကို အရင်ဆုံးပြေးမြင်မိလဲ" တဲ့။ ပြန်ဖြေကြတဲ့ အဖြေတွေကိုတော့ အထူးတလည် ဘာမှမပြောလိုပါဘူး။ ဒါပေမယ့် ကျွန်တော့်ကို၊ နောက်ပြီး ဒီတော်လှန်ရေးကို တနည်းတဖုံပါနေဆဲ ရေကြောင်းအသိုက်အဝန်းက သူတွေကိုသာ ဒီမေးခွန်းမေးရင် အဖြေက ဘာဖြစ်မလဲ။ ကျွန်တော်ကတော့ ကျွန်တော်တို့ညီလေး ထက်မြတ်အောင်ကို အရင်ဆုံးပြေးမြင်မိတာပါပဲ။ ပြီးရင်တော့ ကျောင်းသားလက်ရုံးတပ်တော်က ရဲဘော်တွေဖြစ်တဲ့ ကျဆုံးသွားတဲ့ Thomas၊ ရန်သူ့မိုင်းကြောင့် ခြေတဖက် မျက်လုံးတဖက် ဆုံးရှုံးထားရတဲ့ Justin တို့ပေါ့ဗျာ။ ရေကြောင်းကို အခုကာလကြီးမှ စတက်တဲ့သူတွေကတော့ သူတို့ကို ဘယ်သိမလဲပေါ့။ မသိအောင်လည်း ရေကြောင်းထဲမှာ သမိုင်းကို အဖျောက်ခံထားရမှာကိုး။ အခုကျောင်းတက်နေတဲ့ စီနီယာဆိုတဲ့ကောင်တွေ တကောင်ကမှလည်း အဲ့နာမည်တွေကို ထုတ်ပြောရဲမယ်မထင်ပါဘူး။ အဲ့တော့ ဒီနာမည်တွေကို မေ့မသွားအောင် ကျွန်တော်တို့ကပဲ ထုတ်ထုတ်ပြောနေရဖို့ပဲ။
အပေါ်ကသုံးဦးက ထင်သာမြင်သာရှိမယ့် နာမည်တွေကိုပဲ ပြောထားတာပါ။အာဏာသိမ်းချိန်ကစလို့ အခုထိကို တော်လှန်ရေးရဲ့ ကဏ္ဍအသီးသီးမှာ ပါဝင်နေကြတဲ့ ရေကြောင်းအသိုက်အဝန်းကသူတွေ အများကြီး ရှိပါသေးတယ်။ သမဂ္ဂအဖွဲ့ဝင်အနေနဲ့ အညာမြေပြင်မှာတဦးရှိတယ်၊ နောက်ပြီး ကျောင်းသားတပ်ဦး/ ကျောင်းသားလက်ရုံးတပ်တော်မှာ တာဝန်ထမ်းဆောင်နေသူတွေရှိတယ်၊ အဲ့ထဲမှာ သမဂ္ဂရဲ့ လက်ရှိဥက္ကဋ္ဌလည်းပါတယ်။ တောင်ပိုင်း PDF မှာ သမဂ္ဂရဲ့ ဥက္ကဋ္ဌဟောင်းတဦးရှိတယ်။ နောက်ထပ်ဥက္ကဋ္ဌဟောင်းတဦးပဲ တောင်ပိုင်းကတော်လှန်ရေးတပ်တခုထဲမှာ ရှိသေးတယ်။ သမဂ္ဂထဲကမဟုတ်လည်း ကျွန်တော်တို့ လက်လှမ်းမီသလောက် လိုက်စာရင်းလုပ်ထားတာအရဆို KNDF မှာရှိတယ်ဗျာ၊ ၁၀၂၇ မှာ ပါခဲ့တဲ့ တပ်ရင်းတွေထဲမှာလည်း ရှိတယ်ဗျာ၊ အညာစစ်ကိုင်းဘက်မှာလည်းရှိတယ်ဗျာ။ ဒါက လက်နက်ကိုင် အခြမ်း။ ပြီးတော့ တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေမှာ ပညာရေးပိုင်း ဝင်ကူနေတဲ့ သူတွေလည်း ရှိတယ်ဗျာ။ အဖမ်းဆီးခံရပြီး ထောင်ကျနေတဲ့အထဲမှာလည်း ကျောင်းသားဟောင်းတွေဆိုရင် နာမည်သိနေမယ့် မှတ်မိနေမယ့်သူတွေ ရှိသေးတယ်ဗျ။
ပြောချင်တာကဗျာ ရေကြောင်းက လူနည်းတယ်။ ဒါပေမယ့် ဇ မသေးဘူးဗျ။ ကျရာနေရာ ရောက်ရာနေရာကနေ ရသလို တော်လှန်ရေးထဲပါဝင်နေတဲ့ကောင်တွေကို သေချာစာရင်းလုပ်ပြီး လူဦးရေနဲ့ အချိုးချကြည့်ရင် အားတက်စရာကောင်းတဲ့ ပမာဏတခုရမယ်လို့ ယုံတယ်။ ရေကြောင်းကဆို ဘယ်သူ့ကိုပြေးမြင်လဲလို့ ကျွန်တော့်ကိုမေးရင် အပေါ်မှာပြောထားတဲ့သူတွေ မျက်နှာတွေကို ကျွန်တော်အရင်ဆုံးပြေးမြင်ပါတယ်။ ကျွန်တော် တောထဲမှာရှိတုန်းက ရေကြောင်းက ကျွန်တော့်ရဲဘော်တွေနဲ့ ပြောပြောဖူးတာတခုရှိပါတယ်။ ဟေ့ကောင် ငါတို့ကျောင်းက အခုချိန် စောက်ပေါကျောင်းဖြစ်ရင်ဖြစ်မယ်၊ ကျောင်းကကောင်တွေကတော့ စောက်ပေါတွေမဟုတ်ဘူး လို့။
ဒီစာအရှည်ကြီးရေးရတဲ့ ရည်ရွယ်ချက်ကလည်း တခုတည်းပါပဲ။ ရေကြောင်းက စောက်ပေါမဟုတ်တဲ့ ပြည်တွင်း မြေပြင်မှာ ကျရာတာဝန် ထမ်းနေသူများကို ကျန်တဲ့ သူများကလည်း သတိတရရှိနေပြီး ကြုံရာနိုင်ရာကို လိုအပ်လာတဲ့အချိန် ဝိုင်းဝန်းကူပေးနိုင်ကြဖို့ရာ အသိပေးချင်တာပါပဲ။ အဲ့လို လိုအပ်လာတဲ့အချိန်မှာ ကျွန်တော်တို့လည်း ဒီ page ကနေ အသိပေးသွားပါမယ်။ ကျွန်တော်တို့အားလုံးကလည်း စောက်ပေါတွေမဟုတ်ဘူးမလား။