11/02/2021
တိုက်ဆိုင်မှုတွေရျှိခဲ့လို့ ....
Crd
Generation gap
“နင်က အလုပ်တစ်ခုထဲမှာ ဖင်မငြိမ်ဘူး တစ်ခုပြီးတစ်ခု ပြောင်းနေတာပဲ”
“ကိုယ်အိမ်မှာကိုယ်နေပြီး တစ်ပြားရရ နှစ်ပြားရရ လုပ်စမ်းပါ”
“နယ်တွေသွားရမယ့်အလုပ်ဆိုရင်တော့ မလုပ်နဲ့ ငါတို့ နင့်ကို ကျွေးထားနိုင်တယ်”
"နိုင်ငံခြားလဲမသွားပါနဲ့ ကိုယ့်နိုင်ငံမှာလဲ လုပ်လို့ရတာတွေ အများကြီးပဲ ဒီမှာပဲလုပ်"
ဒီလို စကားမျိုးတွေကို မိတ်ဆွေတို့ ပတ်ဝန်းကျင်မှာ ကြားဖူးကြပါသလား ဒါမှမဟုတ် မိတ်ဆွေကိုယ်တိုင်ကြားဖူးပါသလား
မိတ်ဆွေကိုယ်တိုင်ကြားဖူးတယ်ဆိုရင်တော့ သေချာပါပြီ သင်ကိုယ်တိုင်က 1990 နောက်ပိုင်းမှာ မွေးဖွားလာတဲ့သူတစ်ယောက်ဖြစ်ပါလိမ့်မယ်
ဆရာတစ်ယောက် လုပ်ရတဲ့ အလုပ်တွေထဲမှာ ကျောင်းသူကျောင်းသားတွေကို ဆွေးနွေးအကြံပေး (Counselling) လုပ်ရတာ တစ်ခုလဲ အပါအဝင်ဖြစ်ပါတယ်
အများဆုံးဆွေးနွေးပေးရတာကတော့ generation gap အကြောင်းပါပဲ
အရင်ဆုံး Generation gap ဆိုတာ ဘာလဲပြောကြည့်ရအောင်
Generation gap ဆိုတာကတော့ မတူညီတဲ့ မျိုးဆက်တွေကြားက အမြင်၊ ခံယူချက်၊ ယုံကြည်ချက်၊ သဘောထား၊ တွေးခေါ်ပုံ၊ ရှုထောင့် တွေ မတူညီ၊ ကွဲပြားနေမှုပဲ ဖြစ်ပါတယ်
အဲ့တော့ Generation တွေကို ဘယ်လိုအမျိုးအစားခွဲထားသလဲ???
1945 အစောပိုင်းမွေးတဲ့သူတွေကို Maturists/ Traditionalists/ Silent Generation
1945 ~ 1965 – Baby boomers
1966 ~ 1980 – Generation X
1981 ~ 2000 – Generation Y/ Millennials
2000 ခုနှစ်နောက်ပိုင်း - Generation Z လို့ ခေါ်ကြပါတယ်
(ခုနှစ်တွေက သတ်မှတ်တဲ့ ပုံစံတွေအပေါ်မှာ မူတည်ပြီး အနည်းငယ် ပြောင်းလဲနိုင်ပါတယ်)
အများဆုံး အဖြစ်များတာကတော့ Baby boomers, Generation X နဲ့ Millennials, Generation Z ရဲ့ ကြားက ပြဿနာလေးတွေပဲဖြစ်ပါတယ်
ဒီတော့ သူတို့တွေရဲ့ အခြေခံစိတ်ထားလေးတွေ ဘယ်လိုရှိလဲ လေ့လာကြည့်ရအောင်..
Baby Boomers (1945 – 1965)
ဒီမျိုးဆက်ဟာ အလုပ်တစ်ခုတည်မြဲရေးကို အလွန်အလေးထားကြတယ်။ ကိုယ်အလုပ်တစ်ခု ရထားရင် ဒီအလုပ်ကိုပဲ ဖက်တွယ်နေတတ်ကြတယ်။ အထက်လူကြီးကခိုင်းတဲ့အတိုင်း အဖွဲ့အစည်းအတွက် အလုပ်လုပ်ပေးကြပါတယ်။ ကိုယ့်ရဲ့ အလုပ်အပေါ်မှာ သစ္စာရှိကြတယ်။ အလွယ်တကူ အလုပ်ပြောင်းလေ့မရှိကြဘူး။ အလုပ်လုပ်ဖို့အတွက် အသက်ရှင်နေတယ်လို့ ခံယူထားကြသူတွေပေ့ါ။ ပြီးတော့ သူတို့ခေတ်မှာ ခေတ်အစားဆုံးက Television တွေပါပဲ။ တစ်ခုခုဆို မျက်နှာချင်းဆိုင်ဆွေးနွေး ပြောဆိုရတာကို ပိုနှစ်သက်ကြပါတယ်။ လိုအပ်ရင်တော့ တယ်လီဖုန်းကို အသုံးပြုနေကြပါပြီ။ ခွဲခွာနေရတာမျိုးထက် ကိုယ့်အိမ်မှာပဲ မိသားစု သိုက်သိုက်ဝန်းဝန်းနေချင်ကြသူတွေပါ။
Generation X (1966 – 1980)
ဒီမျိုးဆက်ကတော့ work life balance (အလုပ်နဲ့ ကိုယ်ပိုင်အချိန်) မျှတအောင် သုံးစွဲနေသူတွေလို့ ယေဘူယျ သတ်မှတ်လို့ရပါတယ်။ အသက်ရှင်နေထိုင်နိုင်ဖို့ အလုပ်လုပ်ရတယ်လို့ ခံယူထားကြသူတွေပါ။ ရလဒ်ကိုပဲ အာရုံစိုက်ကြပါတယ်။ ကမ္ဘာနဲ့ယှဉ်ပြီး တွေးခေါ်နေကြပါပြီ။ တစ်ခုခုကို စတင်ပြောင်းလဲနိုင်ဖို့လဲ ကြိုးစားလာကြပြီ။ သင်ယူလိုစိတ်လဲ ပြင်းပြကြတယ်။ ပညာရေးမှာ အောင်မြင်မှုရဲ့ သော့ချက်လို့ ခံယူထားကြသူတွေပါ။ တစ်ကိုယ်ရေသုံး ကွန်ပျူတာ (Personal Computer) တွေ စတင်အသုံးပြုနေကြပြီ။ ဆက်သွယ်ရေးမှာလဲ တယ်လီဖုန်းတွေထက် အီးမေးလ် (Email)၊ မက်ဆေ့ခ်ျ (message, SMS) တွေကို တွင်တွင်ကျယ်ကျယ် သုံးနေကြပါပြီ။ မိသားစုအတူတကွ သိုက်သိုက်ဝန်းဝန်းနေတာမျိုး မဟုတ်ရင်တောင်မှ အားလပ်ချိန်တွေကို မိသားစုနဲ့အတူ ကုန်ဆုံးချင်သူတွေပါ။
Generation Y/ Millennials (1981 – 2000)
လွတ်လပ်စွာနဲ့ အမှီအခို ကင်းကင်းနေထိုင်ချင်ကြသူတွေပါ။ အလုပ်မှာလဲ လွတ်လပ်စွာ တွေးခေါ်လုပ်ကိုင်ပြီး လိုက်လျောညီထွေလုပ်နိုင်တဲ့ အလုပ်မျိုးကို ပိုနှစ်သက်ကြတယ်။ အဖွဲ့အစည်းအတွက် အလုပ်လုပ်တယ်ဆိုတာမျိုးထက် အဖွဲ့အစည်းနဲ့အတူ အလုပ်လုပ်မယ်ဆိုပြီး ခံယူထားကြပါတယ်။ ပွင့်လင်းမြင်သာမှုရှိလာကြတယ်။ မျှဝေရတာကို ပိုပြီးနှစ်သက်လာကြပါတယ် (Sharing is caring) လို့ ခံယူထားသူတွေပါ။ အလုပ်တစ်ခုထဲမှာ တည်ငြိမ်စွာ လုပ်ကိုင်နေတာမျိုးထက် ပိုပြီး စိန်ခေါ်မှုများတဲ့ အလုပ်တွေကို လုပ်ကိုင်လိုစိတ်ရှိကြသူတွေပါ။ စိတ်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ အမြဲဆာလောင်နေတဲ့သူမျိုးတွေပေါ့။ နည်းပညာတွေတိုးတက်လာတဲ့အတွက် ပြဿနာတစ်ခုကိုဖြေရှင်းတဲ့အချိန်မှာ နည်းပညာကို အားကိုးလာကြပါတယ်။ သင်ယူလေ့လာမှုမှာလဲ ရှေးရိုးစွဲ သင်ကြားမှုပုံစံတွေထက် ကိုယ်တိုင်လေ့လာခြင်း၊ လွတ်လပ်စွာ တွေးခေါ်ခြင်း၊ တက်ကြွစွာ သင်ယူလိုခြင်း ကို ပိုမိုနှစ်သက်တဲ့အတွက် Group work, pair work စတဲ့သင်ကြားမှုပုံစုံတွေကိုသာ နှစ်သက်ကြပါတယ်။ မိသားစုနဲ့ အတူတကွ နေထိုင်နိုင်ဖို့ထက် ကိုယ့်ထူးကိုယ်ချွန် လွတ်လပ်စွာ ရှင်သန်နေထိုင်ချင်သူတွေဖြစ်ပါတယ်။
Generation Z (Born after 2000)
လက်ရှိမှာ နောက်ဆုံးမျိုးဆက်လို့ သတ်မှတ်ခံထားရသူတွေပါ။ တစ်ကယ်တော့ Generation Alpha ဆိုတဲ့ နောက်ထပ်မျိုးဆက်တစ်ခုရှိနေပါသေးတယ်။ ခေတ်သစ် သိပ္ပံနဲ့ နည်းပညာလောကကြီးရဲ့ ပထမဦးဆုံးမျိုးဆက်လဲ ဖြစ်ပါတယ်။ လုပ်ဆောင်သမျှ အရာတော်တော်များများဟာ နည်းပညာအပေါ်မှာပဲ အခြေခံထားပါတယ်။ Millennials တွေဟာ ၁၀ နှစ်လောက်ထိ ဆော့ကစားလို့ကောင်းတုန်းဖြစ်ပေမယ့် generation Z တွေကတော့ ၅ နှစ်သားလောက်မှာပဲ နည်းပညာဆိုင်ရာ ပစ္စည်းများကို ကောင်းကောင်းအသုံးပြုတတ်နေပါပြီ (ဖုန်းတစ်လုံးကို ဘယ်လိုသုံးရမယ်ဆိုတာမျိုးတွေ၊ I pad, TV စတာမျိုးတွေကို အကူအညီမပါပဲ လုပ်ဆောင်နိုင်ကြပါတယ်)။ ဒီမျိုးဆက်တော်တော်များများကတော့ လုပ်ငန်းခွင် မဝင်ကြသေးပါဘူး။ ဝင်ပြီးသားလူတွေရှိရင်လဲ Junior အဆင့်မှာပဲ ရှိကြပါသေးတယ်။ လက်တွေ့ဆန်ကြတယ်၊ အခြားလူအပေါ်မှာ မမှီခိုချင်ကြဘူး၊ စွန့်ဦးတီထွင်လိုစိတ် ပြင်းပြကြတယ်။ ရှေ့မျိုးဆက်ထက်ကို ပိုပြီး ပွင့်လင်းမြင်သာမှု ရှိလာတယ်။ ဆက်သွယ်ရေး၊ သင်ကြားရေး၊ လုပ်ငန်းခွင်ဆိုင်ရာ အရာအားလုံးဟာ နည်းပညာပေါ်မှာပဲ အခြေခံပြီးလုပ်ဆောင်လာကြပါပြီ။
ဒီလောက်ဆိုရင် မျိုးဆက်တစ်ခုခြင်းစီရဲ့ သွင်ပြင်လက္ခဏာတွေကို သိလောက်ပါပြီ။
အခုတော့ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာတွေကို ဆက်ပြောကြတာပေါ့။ အဖြစ်အများဆုံးပြဿနာတွေကတော့ အလုပ်အကိုင်နဲ့ ပတ်သတ်ပြီး အမြင်မတူတာတွေ၊ ခရီးပေးမသွားတာ၊ အိမ်မှာပဲ ချုပ်ထားပြီး ပတ်ဝန်းကျင်နဲ့ ပေးမထိတွေ့တာ၊ ရှေးရိုးစွဲ အယူဝါဒတွေကိုပဲ ဆက်လက်ခံခိုင်းတာ စတာမျိုးတွေပေါ့။
ဥပမာ တစ်ခု အနေနဲ့ ကျောင်းသားတစ်ယောက်ရဲ့ အဖြစ်အပျက်လေးပြောပြပါ့မယ်
သူ့ရဲ့ မိဘနှစ်ပါးက Baby Boomers ထဲမှာပါပြီး သူကိုယ်တိုင်ကတော့ Millennials ထဲမှာ ပါပါတယ်။ ဒီတော့ မျိုးဆက်နှစ်ခုလောက် ကွာနေတာပေါ့။ အဲ့တော့ အမြင်တွေဆိုတော့ ဟိုဘက်ဒီဘက် လားလားမျှမတူ။
သူ့မိဘတွေက နယ်မြို့လေးက အိမ်မှာပဲနေပြီး အလုပ်လုပ်စေချင်တယ်။ သူကိုယ်တိုင်ကတော့ တစ်နယ်တစ်ကျေးမှာ တိုးတက်အောင်လုပ်ချင်တယ်။ အဲ့တော့ ဘာဖြစ်လဲ။ စကားများရတော့တာပေါ့။
ဒီနေရာမှာ နှစ်ဖက်လုံးက မျှမျှတတလေးတွေးကြည့်ရအောင်။
အထူးသဖြင့် မိဘတွေပေါ့…..
မှန်ပါတယ် ဘယ်မိဘမဆို ကိုယ့်သားသမီးနဲ့ အတူတကွနေချင်ကြတာပဲ။ ဒါပေမယ့် ကိုယ်တွေ မရှိတော့တဲ့နောက်ပိုင်းကို စဉ်းစားကြည့်ရအောင်။ ဘယ်လောက်ရရ အိမ်မှာပဲနေဆိုတဲ့အတွေး။ ကိုယ်သက်ရှိထင်ရှားရှိစဉ်မှာတော့ ကျွေးထားနိုင်ပါရဲ့။ ကိုယ်မရှိတော့တဲ့ အချိန်ရော?? ပြိုင်ဆိုင်မှုတွေများလွန်းတဲ့ ဒီခေတ်ကြီးထဲမှာ ရတာလေးနဲ့ ဖြစ်အောင်နေကြမယ် ဆိုတဲ့ အတွေးအခေါ်ဟာ အင်မတန်ဆိုးရွားလွန်းတယ်လို့ပဲ ဝေဖန်ပါရစေ။
အထူးသဖြင့် Millennials တွေပါ။ သူတို့ရဲ့ ပြိုင်ဆိုင်မှုဟာ အင်မတန် ပြင်းထန်လွန်းပါတယ်။ ခေတ်ကောင်းကောင်းကိုလဲ မမှီခဲ့ပါဘူး။ မျိူးဆက်တူတဲ့ Millennials တွေအချင်းချင်းတင် ပြိုင်ဆိုင်ရတာ မဟုတ်ပါဘူး။ နောက်ထပ်မျိုးဆက်ဖြစ်တဲ့ ပြည့်စုံတယ်လို့ ပြောလို့ရတဲ့ လူမှုပတ်ဝန်းကျင်မှာ ကြီးပြင်းခဲ့ရတဲ့ Generation Z တွေနဲ့ပါ ပြိုင်ဆိုင်ရပါတယ်။ Millennials တွေ ကြိုးစားအားထုတ်မှု ရပ်တန့်လိုက်တဲ့နေ့၊ သင်ယူမှု ရပ်တန့်လိုက်တဲ့နေ့ဟာ ကိုယ်လည်ပင်းကို ကြိုးကွင်းပေါ် တင်လိုက်တဲ့နေ့လို့ပဲ ပြောပါရစေ။ တင်ရုံလေးပဲတင်ထားလိုက်ပါ ကိုယ့်ရဲ့ပြိုင်ဘက်တွေက မောင်းလာဖြုတ်ပေးပါလိမ့်မယ်။
အဲတော့ ဘာလုပ်မလဲ။ နားလည်အောင်ရှင်းပြပါ။ လွယ်တော့ မလွယ်ပါဘူး။ Baby boomers တော်တော်များများဟာ သူတို့လက်ခံထားတဲ့ အယူအဆတစ်ခုကို ပြောင်းလဲပစ်ဖို့ အတော့်ကို ခေါင်းမာကြပါတယ်။
ဒါက တစ်ခုပဲရှိပါသေးတယ်။ အလားတူ အဖြစ်မျိုးတွေအများကြီးရှိနေပါသေးတယ်။
မိဘစကားနားထောင်ထားတော့ အကောင်းဆုံးပါပဲ။ ဘာသာရေးအရဆိုရင်လဲ အလုပ်သင့် အလုပ်ထိုက်ဆုံး အလုပ်တစ်ခုပါ။
ဒါပေမယ့် ပြိုင်ဆိုင်မှုတွေ များလွန်းတဲ့ ဒီခေတ်ကြီးမှာတော့ ကိုယ် ဘယ်အရာကို ရွေးချယ်ရမယ်ဆိုတာ ကိုယ့်ရဲ့ ကိုယ်ပိုင် အမြင်နဲ့ ခံယူချက်ကသာ အရေးကြီးပါတယ်။ တစ်ဦးနဲ့ တစ်ဦး ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံ၊ ဘဝတွေ မတူတဲ့အတွက် အဖြေမှန် တိတိကျကျဆိုတာလဲ မရှိပါဘူး။ ကိုယ်ဘယ်အရာကို တန်ဖိုးအထားဆုံးလဲ ကိုယ့်ရဲ့ life values က ဘာတွေလဲဆိုတာနဲ့ ဆိုင်ပါတယ်။
ကျွန်တော့်ရဲ့ ကိုယ်ပိုင်အတွေးအမြင်နဲ့ ပြောရရင် (ကိုယ်ပိုင် အတွေးအမြင်လို့ ပြောတဲ့အတွက် လူတိုင်းအတွက် မမှန်နိုင်ပါဘူး)
လုပ်လိုက်လို့ရမယ့် နောင်တထက် မလုပ်လိုက်ရလို့ ရမယ့် နောင်တမျိုးကို ဘယ်ဘဝထိမှ မသယ်သွားချင်ပါဘူး။ အဲ့တော့ ကိုယ်ယုံကြည်ရာကိုသာ လုပ်ပါ။ လက်ခံလာမယ့်တစ်နေ့ရောက်လာမှာပါ။
အဲဒီနေ့ မရောက်ခင်အထိတော့ အတတ်နိုင်ဆုံး နားလည်အောင်သာ နားချကြပါလို့ ပြောကြားရင်း…
မေတ္တာဖြင့်
Jacksan
Founder and ESL Instructor
Zenith English Club