19/05/2026
မိဘတွေ အများစုမေးကြတဲ့ တူရာမေးခွန်းတွေကို စုပြီး ဒီနေရာမှာပဲ ဖြေပေးလိုက်ပါရစေ။
မေး(၁)
7 တန်းအောင်ပီး 8 တန်းတက်မဲ့ကလေးကို 8 တန်း မတက်ပဲ pre IG တက်ရင် အဆင်ပြေလား ဆရာ 8 တန်းတက်ပီးမှပဲ pre တက်ရမလား ဆရာ အကြံညာဏ်လေးပေးပါနော်။
ဖြေ(၁)
အရင်ဆုံးပြောချင်တာက GED ဆိုတာ High School Equivalency ဖြစ်တဲ့အတွက် GED ဖြေနေဖို့ တူညီတဲ့ level (သို့မဟုတ်) ဖြေဆိုမယ့် ဘာသာရပ် (ဥပမာ - သင်္ချာ(Mathematical Reasoning) မှာ အထက်တန်းအဆင့် သိသင့်သိထိုက်တာ၊ အခြေခံပါသင့်ပါထိုက်တာမျိုး ပြင်ဆင်ထားပြီးသားဖြစ်ရပါမယ်။ မဟုတ်ရင် အဲဒီအခြေခံရဖို့ တန်းစဉ်လိုက်မတက်ခဲ့ရင်တောင် prepare လုပ်ဖို့လိုပါလိမ့်မယ်။ ဆိုလိုတာက အတန်းသတ်မှတ်ချက်မဟုတ်ရင်တောင် Grade 10-11 နဲ့ ညီမယ့် Maths, English, Physics, Chemistry လိုမျိုး ကိုယ့်ဘက်က နားလည်တတ်မြောက်ထားရင်, အသက်ကလည်း ၁၆ ပြည့်ပြီးသားဆိုရင် GED ဖြေနိုင်ပါတယ်။
ဒါကြောင့် မေးခွန်းကို ပြန်ဖြေရမယ်ဆိုရင် 8 တန်း ပြီးလို့ပဲ ဖြစ်ဖြစ်, 9 တန်းပြီးလို့ပဲ ဖြစ်ဖြစ် အကောင်းဆုံးက GED ဖြေမယ်ဆိုရင် GED နဲ့ ညီမယ့် ဘာသာရပ်တွေမှာ လိုအပ်တာတွေ ဖြည့်, ကြိုတင်ပြင်ဆင်(Pre-) သင်ယူသင့်ပါတယ် လို့ အကြံပြုပါရစေ။
တကယ့်တကယ် GED ဖြေသင့်တဲ့သူတွေက - ကျောင်းသေချာမတက်ရဘဲ အတန်းသတ်မှတ်ချက်, အလယ်တန်းပြီးဆုံးကြောင်း၊ အထက်တန်း တက်နေကြောင်း grading report တွေ မရှိတဲ့သူအတွက် အကောင်းဆုံးဖြစ်သလို၊ အသက်အရွယ်ကြောင့်၊ အခြေအနေကြောင့်၊ အချိန်ကုန်မခံချင်ဘဲ၊ ဘွဲ့တစ်ခုရဖို့ အမြန်ရွေးချင်တဲ့သူတွေ ပြေပါလိမ့်မယ်။
-----
မေး(၂)
ဆရာရေ O’level, A’level နဲ့ OSSD ဘာတွေကွာလဲ အားသာချက်အားနည်းချက်လေးသိပါရစေ။
ဖြေ(၂)
O'Level ဆိုတာ IGCSE (Year10-11) နဲ့ ညီပြီး, A Level က Grade 12 (Year 12-13) ဖြစ်ပါတယ်။ O Level (IGCSE), A Level တွေက ဗြိတိန်ပညာရေးစနစ် (British Education System) တွေ ဖြစ်ပြီး, O level ပြီးရင် A level သို့မဟုတ် Pre-university သို့မဟုတ် Sixth Form College တွေ တက်ရောက်နိုင်ပါတယ်။
OSSD က ကနေဒါ နိုင်ငံရဲ့ ပညာရေးစနစ်တစ်ခုဖြစ်ပြီး အရှည်က Ontario Secondary School Diploma ဖြစ်ပါတယ်။ သူလည်း တက္ကသိုလ် Admission အတွက် တကမ္ဘာလုံးက အသိမှတ်ပြုတဲ့ ပညာရေးဖြစ်လို့ UK ရဲ့ A level နဲ့ ညီတယ်လို့ သတ်မှတ်ကြပါတယ်။
UK system နဲ့ Canada Education System နှစ်ခုကိုအသေးစိတ် နှိုင်းယှဉ် ဖို့ စာရှည်မှာစိုးလို့ နားလည်လွယ်အောင်ပဲ ရှင်းပါရစေ။ မတူတဲ့ ပညာရေးစနစ် ဖြစ်နေတဲ့အတွက် ယူကေ က IGCSE (O'Level) မှာ ဘာသာရပ်စုံ လေ့လာစေပြီး A level ရောက်တဲ့အခါ 3-4 subjects ပဲ အထူးပြုလေ့လာသင်ယူပြီး စာမေးပွဲ ဦးစားပေးစနစ်ဖြစ်ပါတယ်။ A level ပြီးရင် ယူကေ တက္ကသိုလ်တွေက 3 နှစ်တန်း (3-year University) တက်ရပါတယ်။
ကနေဒါမှာတော့ OSSD ကို ကျောင်းသားတစ်ယောက်ဟာ လေးနစ်အတွင်းမှာ 30 credits (18 compulsory and 12 elective) ယူကိုယူရပါတယ်။ မြန်မာပြည်မှာတော့ IG ပြီးတဲ့ကလေးတွေကို A Level အစား, OSSD ဆိုပြီး သင်ကြတယ်။ OSSD ရဲ့ ပုံစံက Final Grade မှာ 70% က coursework (Assignment, Project, Test) တွေနဲ့ အမှတ်ပေးစေပြီး၊ 30% ကို Final exam အနေနဲ့သတ်မှတ်ပါတယ်။
အကြံဉာဏ်ပေးချင်တာကတော့ IGCSE ပြီးရင် A level ပဲ တိုက်ရိုက်တက်ရင် တက်၊ မဟုတ်ရင် Pre-university program (Level 3/ Sixth Form) တက်ပါလို့ အကြံပြုပါရစေ။ IGCSE O'Level, A level ဖြစ်ဖြစ်၊ OSSD ဖြစ်ဖြစ် ကနေဒါ၊ ယူအက်စ် ကျောင်းတွေက လက်ခံသလို၊ တကမ္ဘာလုံးကလည်း အသိမှတ်ပြုပါတယ်။
တစ်ခုပြောချင်တာက IGCSE O'level, A Level နဲ့ OSSD အားသာချက်၊ အားနည်းချက်ရယ်လို့ ပြောလို့မရပါဘူး။ မတူတဲ့ပညာရေးကို နှိုင်းယှဉ်ပြောရတာ ခက်ပါတယ်။ A level ဆိုတာ O level (IGCSE) ပြီးမှ တက်ရတာမျိုး ဖြစ်လို့ OSSD နဲ့ အထက်တန်းဆင့်ချင်း အတူတူပါပဲ။ IB Grade 12 ဖြစ်ဖြစ် OSSD ဖြစ်ဖြစ်၊ A Level ပဲ ဖြစ်ဖြစ် အားလုံး အထက်တန်းသတ်မှတ်ချက်တွေ ဖြစ်တဲ့အတွက် ကမ္ဘာမှာ reputation အကောင်းဆုံး အသိမှတ်ပြုမှု အများဆုံး ပညာရေးစနစ်တွေ ဖြစ်လို့ ကိုယ်အားသန်ရာ ရွေးတက်နိုင်ပါတယ်။
တစ်လက်စတည်း ဖြေချင်တာက IGCSE/O'Level နဲ့ ပြည်ပကျောင်းတွေသွားတက်လို့ရသလားလို့မေးရင် အများစု ရပါတယ်လို့အကြမ်းဖျင်း အရင် ဖြေချင်ပါတယ်။ ဥပမာ ယူကေဆိုရင် sixth form college ကို တက်၊ သို့မဟုတ် သူတို့တက္ကသိုလ်တွေမှာ Level 3 Foundation (Pre-university program) ရှိရင် တက်ရုံပါပဲ။ အမေရိကန် နဲ့ တချို့နိုင်ငံတွေကတော့ တက္ကသိုလ် တချို့မှာ IGCSE O'level ကို credits ပေါ်မူတည်ပြီး လက်ခံကြတာရှိတယ်။ အထူးသဖြင့် 4-year university program ဖြစ်တဲ့ နိုင်ငံတွေမှာ လက်ခံလေ့ရှိတယ်။
3-year Degrees (၃ နှစ်တန်းတက်ရတဲ့တက္ကသိုလ်) တွေက UK (စကော့တလန်မပါ) , Europe, Australia, နဲ့ New Zealand နိုင်ငံတွေဖြစ်ပါတယ်။
4-year Degrees (၄ နှစ်တန်းတက်ရတဲ့ တက္ကသိုလ်) တွေက အမေရိကန်၊ ကနေဒါ၊ စကော့တလန်၊ အာရှ နိုင်ငံတော်တော်များများ ဖြစ်ပါတယ်။
--
ကျန်မေးခွန်းများကို ဆက်ဖြေပေးပါမယ်။
ကျေးဇူးတင်ပါတယ်။
Credit to: Soe Naing